ဒလမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 

ရန်ကုန် သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဆေးထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ က တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။  ပုံ- ယနေ့ နံနက် ၁၁ နာရီက ကာကွယ်ဆေးထိုးနှံပေးနေစဉ်။

ဒလမြို့နယ်၌ ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၈၀၀ နှင့် ဒုတိယအကြိမ်၌ ကာကွယ်ဆေး အလုံးရေ ၆၅၀ ရရှိမှုကြောင့် မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာမှ   အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိ ကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး မကျန်ရှိစေရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယမန်နေ့အထိ  စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ၄၁၇၇  ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။

တတိယအကြိမ်မြောက် ထပ်မံ၍ ရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၂၁၃  အား  ဆေး ၁ လုံးလျှင် နှစ်ဦးနှုန်းဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသော အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်  ဆေးထိုးနှံ ရန်ကျန်ရှိနေသော ဒေသခံပြည်သူများအား  ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်၍ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစည်သူကျော်ထံမှ သိရသည်။

နိုင်လင်းကျော်