စဉ့်ကိုင်မြို့နယ်အတွင်း ကျန်ရှိနေသည့် စက်ရုံ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စဉ့်ကိုင်  သြဂုတ်  ၁၉    

                  ပြည်သူအားလုံးကျန်းမာရေး   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်   စက်ရုံ၀န်ထမ်းများအား ယနေ့နံနက် (၉)နာရီက ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

            အဆိုပါ  ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊     ဒု မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ  ၊  ကျန်းမာရေးမှူးအဆင့် (၁)  ဒေါ်ယဉ်နွယ်မြင့်နှင့်ကျန်းမာရေး ၀န်ထမ်းများက  ကျန်းမာရေး၀န်ကြီးဌာနက  ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့ပြီး စက်ရုံအတွင်း ကျန်ရှိနေသည့် ၀န်ထမ်းများအား ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊  ကိုယ်အပူချိန်တိုင်းခြင်း၊   သွေးပေါင် ချိန်တိုင်းတာခြင်း၊  ကာကွယ်ဆေးထိုးပြီးလျှင်ဆေးနှင့်  ဓာတ်မတည့်ခြင်း၊  ဘေးထွက်ဆိုးကျိုး လက္ခဏာများ  တစ်စုံတစ်ရာ  ဖြစ်ပေါ်လာပါက    ချက်ခြင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက်မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှု ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊  သံဃာတော်များ၊    သီလရှင်များ၊   အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ နိုင်ငံ့၀န်ထမ်းများနှင့်မိသားစု၀င်များ၊    ပညာရေးဌာနမှ  ၀န်ထမ်းများ၊    ပရဟိတ အဖွဲ့၀င်များ၊  စက်ရုံ၊  အလုပ်ရုံမှ  ၀န်ထမ်းများအား   မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊    ပလိပ်  တိုက်နယ်ဆေးရုံနှင့်   တောမကျေးရွာရှိ   ကျောက်ဆည်တက္ကသိုလ်တို့တွင်   (၃)နေရာခွဲ၍   ကိုဗစ်- ၁၉ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ၀င်း၀င်းသန်း