နမ့်စန်(တ) ဩဂုတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေး နှစ်တွင် ပြည်သူ+ကျေးလက်+ယူနီဆက် ပူးပေါင်းမှုဖြင့် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးဝင်း က ပြည်သူ+ကျေးလက်+ယူနီဆက်ပူးပေါင်းမှုဖြင့် ကျေးလက်ဒေသ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန၊ ယူနီဆက် (နေပြည်တော်)မှ ရေပေးရေး အရာရှိ ဦးခင်အောင်သိန်းက ယူနီဆက်မှ ကျေးလက် ရေရရှိရေးအတွက် နည်းပညာပိုင်းနှင့် ပစ္စည်းများ ထောက်ပံ့မည့် အခြေအနေ၊ ပြည်သူများက ရေရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာမှတာဝန် ရှိသူများက ရန်ပုံငွေ စုဆောင်းထားရှိမှု အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြ သည်။
နမ့်စန်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်သူ+ကျေးလက်+ယူနီဆက် ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှာ ဟိုင်းလိုက် ကျေးရွာအုပ်စုမှ (၂၆)မိုင် ၊(၂၈)မိုင် နှင့် (၂၉)မိုင် ကျေးရွာများ ၊ မက်မွန်မုန်းအုပ်စုမှ ဝမ်တာဆိုင်း ကျေးရွာ ၊ အမှတ်(၅)အုပ်စုမှ အမှတ်(၅)နှင့်အမှတ်(၆)ကျေးရွာ၊ နောင်ဟီးအုပ်စု မှ နမ့်ဟူး နှင့် နောင်လိုင် ကျေးရွာ ၊ နမ့်လစ်အုပ်စုမှ သဒုတ်နှင့်နမ့်ပဲကျေးရွာတို့ဖြစ်ပြီး ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ အချိန်ကုန် လူပင်ပန်းမှု သက်သာစေခြင်း ၊ ရေလေလွင့် ဆုံးရှုံးမှု နည်းပါးစေခြင်း ၊ ရေမီတာစနစ်ဖြင့် ဆောင်ရွက်သည့်အတွက် ကျေးရွာအတွက် အခွန် အခများ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)