မိုင်းတုံမြို့နယ် ဝမ်မိုင်ကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

မိုင်းတုံ  ဩဂုတ်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ VDP ရန်ပုံငွေဖြင့် ဝမ်မိုင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက အဆိုပါလမ်းသစ် မုဒ်ဦးတွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန် က ကွန်ကရစ် လမ်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွားသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ညွန့်ကြည်၊ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းနှင့် ရပ်မိရပ်ဖ ဦးစိုင်းဝိန်းကျောက် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

"ဒီလမ်းက တစ်ရွာလုံး အသုံးပြုနေတဲ့လမ်းဖြစ်တဲ့အပြင် မဲကင်ကျေးရွာနဲ့ ကျေးရွာဆက်လမ်းလည်း ဖြစ်ပါတယ်။ မိုးတွင်းဆိုရင် ဗွက်အရမ်းထတော့ သွားလာရတာ တော်တော်လေး အခက်တွေ့ရပါတယ်။ အခု ကွန်ကရစ်လမ်း ခင်းလိုက်တော့ သွားလာရတာ အဆင်ပြေချောမွေ့ သွားလို့ ကျေးရွာသားများကိုယ်စား ကျေးဇူး တင်ပါတယ်" ဟု ဝမ်မိုင်ကျေးရွာနေ ဦးမာကု က ပြောသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် လမ်းအရှည် ၅၅၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မ ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၂၀) စုစုပေါင်း ကျပ်သိန်း(၁၂၀) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)