ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အထိ နံနက်(၇) နာရီမှ ည(၉)နာရီအထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမ အကြိမ် (၂)ပတ်ကြာ ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်များက လိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမိုရရှိစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းများ ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၈)ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့အထိ (၇)ရက် ထပ်မံ တိုးမြှင့်ကပ်ထားကြေညာပေးလျက်ရှိသည်။
ယနေ့ နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပုဏ္ဏားကုန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြီး ရပ်ကွက်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် ၎င်းတို့၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရန် အတွက် မဲစာရင်းတွင် မိမိတို့၏ အမည်စာရင်းများ ပါ/မပါ လာရောက်ကြည့်ရှုကြရန် အသိပေးနှိုးဆော်ခြင်း၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ မလာရောက်နိုင်သည့် ပြည်သူများအား မော်တော်ယာဉ်ဖြင့် လမ်းများအလိုက် အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင် ကြည့်ရှုစစ်ဆေးနိုင်ရန် စီစဉ်ပေးခြင်းနှင့် မဲစာရင်းတွင် မိမိ၏ အမည်မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် တင်သွင်းခြင်း၊ မဲစာရင်း တွင် မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာ တင်သွင်းခြင်း၊ မဲစာရင်းတွင် ပါဝင်နေသည့် အချက်အလက် များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကိုလည်း ရပ်ကွက်အတွင်းရှိ လမ်းများအလိုက် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
ယခုလို ဆောင်ရွက်ပေးမှုအပေါ် ဦးဇေယျာထွန်းက "နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး မဆုံးရှုံးစေရေး အတွက် မဲစာရင်းလာရောက် ကြည့်ရှုကြဖို့ အသိပေးနှိုးဆော်တာဟာ အရမ်းကောင်တဲ့အစီအစဉ်ပါပဲ။ ဒါ့အပြင် တစ်ချို့က ဝမ်းရေးအတွက် အဓိကထား ရုန်းကန်နေကြရ တော့ ဒီမဲစာရင်းကို တကူးတက သွားမကြည့်နိုင်ဘူးလေ။ ယခုလို တာဝန်ရှိသူတွေအနေနဲ့ မော်တော်ယာဉ်ဖြင့် မိမိရပ်ကွက်အတွင်းရှိ လမ်းများ အလိုက် မဲစာရင်းများ တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်ရန် စီစဉ်ပေးတာတွေအပြင် မဲစာရင်းတွင် မိမိ၏ အမည် မပါဝင်ပါက တောင်းဆိုလွှာပုံစံ တင်သွင်းခြင်းတွေ၊ မဲစာရင်းတွင် မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ကန့်ကွက်လွှာ တင်သွင်းခြင်းတွေ၊ မဲစာရင်းတွင် ပါဝင်နေသည့် အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်းခြင်းတွေကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ အရမ်းကို အဆင်ပြေပါတယ် " ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)