မြောက်ဦး ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19)ကူးစက်ပြန့်နှံမှုမှ အချိန်မီ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကွင်းဆက်ပြတ်တောက်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး အတွက် မြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်ဆေးပစ္စည်းအရောင်းဆိုင်များအား ယနေ့ နံနက် (၉) နာရီက မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်လင်း ဦးဆောင်သော မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံ၊ မြို့နယ် စည်ပင်ဈေးတာဝန်ခံများ ပူးပေါင်းပါဝင်သော အဖွဲ့တို့က မြို့မဈေးအတွင်း၌ ဆေးပစ္စည်း အရောင်းဆိုင် (၁၀)ဆိုင် နှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်(၅)ဆိုင် စုစုပေါင်းဆေး ပစ္စည်းအရောင်းဆိုင်(၁၅)ဆိုင်ရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး စည်းကမ်းချက်များနှင့် အညီရောင်းချရေး၊ ဈေးကွက်တွင် ဆေးပစ္စည်းများနှင့် အထောက်အကူ ပစ္စည်းများအား သတ်မှတ်အရည်အသွေးများနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)