မိုးညိုမြို့ စည်ပင်သာယာစျေးအတွင်း အများပြည်သူ ဘေးကင်းသန့်ရှင်းသော အသားများ စားသုံးနိုင်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိုးညို ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ စည်ပင်သာယာစျေးအတွင်း အများပြည်သူ ဘေးကင်းသန့်ရှင်းသော အသားများ စားသုံးနိုင်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်(၈) နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးညိုမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာမိုးဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးဇော်ထွန်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် စည်ပင် သာယာစျေးတာဝန်ခံ ဦးထွန်းထွန်းဝင်းတို့မှ ပူးပေါင်း၍ စျေးအတွင်း အသားရောင်းချသူများအား ဘေးကင်း သန့်ရှင်းသော အသားများရောင်းချနိုင်ရေး၊ အသားရောင်းချမှု စနစ်တကျရှိစေရေး၊ အလေးချိန် ပြည့်ဝစေရေး၊ အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရန် လိုက်နာဆောင်ရွက် ရမည့်အချက်များ ပါဝင်သည့် ဗီနိုင်းပိုစတာ စိုက်ထူ ခြင်း၊ ကူးစက်ရောဂါ ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စားသုံးသူရေးရာမှ ထုတ်ကုန် လုံခြုံမှု ရှိစေရေးတို့အား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုမင်း(မိုးညို)