ကျောက်ဖြူ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ၅ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၂၅ ဦး ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့် ၂၁ ဦးစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ ၇ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ သန်ပန်ချောင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ကပိုင်ချောင်း ကျေးရွာ၊ ကပ်သပြေကျေးရွာ၊ ကျွန်းသာယာကျေးရွာ၊ ဇင်ချောင်းကျေးရွာ၊ရမ်းဗြဲမြို့နယ်တို့မှ တစ်ဦးစီ စုစုပေါင်း ၇ ဦးတွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူ ၅ ဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွား အလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန်မှာကြားပြီး ဆေးရုံဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိ သူများအား ကျောက်ဖြူမြို့ရှိပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ စုစုပေါင်း ၄၅၇ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၂၅ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၉၀ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၄၂ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှသိရသည်။