မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မိုင်းယန်း        ဩဂုတ်         ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ယမန်နေ့ညနေ ၇ နာရီမှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှမ်း၊ ဗမာဘာသာတို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါနိုးဆော်ရာတွင် မလိုအပ်ပဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးကြောရန်၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ပါ၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟို ကော်မတီမှ အသိပေးပြန်ကြားချက်များကို တိကျစွာလိုက်နာရန် စသည့် ဆောင်ရန်၊ ရှောင်ရန်အချက် များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လှည့်လည်အသိ ပညာပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။

အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတို့ ပူးပေါင်း၍ မိုင်းယန်းမြို့ပေါ်ရှိ ဝိန်းလိတ်ရပ်ကွက်၊ ကျိုင်းဟင်ရပ်ကွက် ၊ ဈေးတန်းရပ်ကွက်၊ ဟော်ကန်ရပ်ကွက်၊ မွန်ကဲရပ်ကွက်နှင့် မောက်မိုင်ရပ်ကွက်တို့ရှိ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ပြန်/ဆက်)