ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်မှုဇုန်လုပ်သား(၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်  သြဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ စက်မှုဇုန်တွင် ယမန်နေ့ နေ့လယ် ၁၂:၃၀ နာရီ မှစတင်၍ စက်မှုဇုန်အတွင်းရှိ အလုပ်သမား (၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍ အဝင်ဝတွင် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် အမှတ်စဉ်နှင့် ဖောင်ပုံစံများပေးဝေခြင်း၊ သတ်မှတ်နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊  ပုံမှန် အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ထွက်ခွာရန်ရှိပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပြီးမှ ထွက်ခွာရန်၊ သွေးတိုး၊ ဆီးချိုရှိ သူများပိုမို၍ ဆေးထိုးနှံသင့်ကြောင်း၊ ဆေးထိုးပြီး(၃)ရက်အတွင်း အရက်၊ ဘီယာ ရှောင်ကျဉ် ကြရန်စသည်တို့ကို အသိပညာပေးမျှ ဝေပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့် အထက်ဘိုးဘွား(၄၈၂၉)ဦး၊ ကျန်းမာရေးဝန်ထမ်း(၇၂၀)ဦး၊ Volunteer (၂၄၄)ဦး၊ သံဃာတော်၊ သီလရှင်(၁၆၅)ပါး၊ နိုင်ငံ့ဝန်ထမ်း(၅၀၈)ဦး၊ အချုပ်သား(၂၆)ဦး စုစုပေါင်း (၆၄၉၂)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)