ကျောက်ပန်းတောင်း ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များနှင့် အလှူရှင်များ စုပေါင်း၍ ပြည်သူမှ ပြည်သူသို့ လှူဒါန်းခြင်းအစီအစဉ်အဖြစ် ယနေ့ နံနက်(၈)နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီး၌ အိမ်ထောင်စု (၂၀၀၀)စုအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက်၊ ပရဟိတအသင်းများသို့ ဆန်နှင့်မီးဖိုချောင်သုံးဟင်းအမယ် များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
“ကျွန်တော်တို့ အစကတော့ အလှူရှင်တွေလည်း ပီတိဖြစ်အောင်ဆိုပြီးတော့ မြို့လယ်က EPC ရုံးရှေ့မှာ လူနည်း နည်းလောက်ကို ကိုယ်တိုင်လက်ရောက်ပေးလှူကြမယ်ပေါ့ဗျာ။ ကျန်တာကို တော့ ရပ်ကွက်တွေမှာရှိတဲ့ ပရဟိတအသင်း တွေကနေတဆင့် ပေးလှူသွားမယ်ပေါ့။ ဒီလိုစီစဉ်ထားတာဗျ။ ကြေညာတာလည်း ဒီအစီအစဉ်အတိုင်း ကြေညာထားတာပဲ၊ ဒါပေမဲ့ လူတွေက ဘယ်လိုနားလည်မှု လွဲသွားကြတယ်မသိဘူး။ မနက်စောထဲက ဒီ EPC ရုံးရှေ့မှာ တော်တော်များများရောက် လာကြတယ်။ ဒါ့ကြောင့် မလိုအပ်ပဲ လူစုလူဝေးဖြစ်သွားရင် ကျွန်တော်တို့လည်းမကောင်းဘူး၊ မြို့နယ်တာဝန်ရှိသူတွေလည်း မကောင်းဘူး။ ဒါနဲ့ပဲ လက်ရောက်ပေးလှူမဲ့အစီအစဉ်ကိုဖျက်ပြီး အားလုံးကို ပရဟိတအသင်းတွေကနေပဲ လှူတော့မယ်။ ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် တမ္ပဝတီဈေးသစ်ကြီးမှာပဲ ပရဟိတ အသင်းကားတွေပေါ်ကို သူတို့ ပေးတဲ့စာရင်းအတိုင်း လွှဲ ပြောင်းပေးမယ်ဆိုပြီးလုပ်လိုက်တာပါ။ ဒီနေ့လှူတဲ့တန်ဘိုးအနေနဲ့ကတော့ ဆန်အလှူရှင်တွေလှူတာက(၈၅)အိပ်တစ်အိပ် ကို ပျမ်းမျှ(၃၀၀၀၀)နှုန်းနဲ့ဆို ဆန်တန်ဘိုးက (၂၅)သိန်းပေါ့။ ကြက်ဉနဲ့ ကုန်စိမ်း တန်ဘိုးက(၃၅)သိန်း စုစုပေါင်းသိန်း(၆၀)ဘိုး ပေါ့ဗျာ။ နောက်ထပ်လည်း အလှူခံရရှိမှု အပေါ်မူတည်ပြီး၊ ဆက်လှူသွားဦးမှာပါ”ဟု ပရဟိတညီအကိုများအဖွဲ့မှ ကိုသက် ဝင်း(သန့်စက်သုံးဆီ)က ပြောကြားခဲ့သည်။
ယနေ့လှူဒါန်းမှုတွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀၀)အတွက် ရည်ရွယ်လှူ ဒါန်းခြင်းဖြစ်ကြောင်းသိရပြီး တစ်အိမ်ထောင်လျှင် ဆန်(၁)ပြီ၊ ကြက်ဥ(၅)လုံး၊ ဂေါ်ဖီ(၂)ထုပ်၊ ပန်းမုန်လာ(၁)ထုပ်နှင့် မုံညင်း၊ အာလူး၊ ရွှေဖယုံသီး၊ ခရမ်းသီး၊ ဂေါ်ရခါးသီးအစရှိသည့် မီးဖိုချောင်းသုံး ဟင်းအမယ်များပါဝင်ကြောင်း သိရသည်။
အဆိုပါ ပရဟိတလူငယ်ညီအကိုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်၍ မြို့ပေါ်နှင့် စည်ပင်သာယာဈေးများတွင် ပိုးသတ်ဆေးဖြန်းရန် ဆေးဖြန်းစက်များ ပထမဦး စွာ ဝယ်ယူ၍ အခမဲ့ဆောင်ရွက်ပေးခဲ့ကြပြီး ယခုကိုဗစ်-၁၉ တတိယလှိုင်းတွင်လည်း မြို့ပေါ်တွင် အရေးပေါ် လိုအပ်နေသည့် အောက်စီဂျင်ရရှိရေးအတွက် အခြားမြို့များသို့ သွားရောက်ရှာဖွေဝယ်ယူကာ သုဂတိရှင်အသင်းနှင့် ချိတ်ဆက်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ယခုအခါ သုဂတိရှင်အသင်းရုံးတွင် အောက်စီဂျင်စက် ဝယ်ယူတတ်ဆင် ဖြန့်ဝေနိုင်ပြီးဖြစ်သော ကြောင့်၊ မြို့နယ်အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီနေပြီဖြစ်သည့်အတွက် စားသောက်ရေး ခက်ခဲနေသည့် အခြေခံအိမ်ထောင်စုများအတွက် ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်း အစီအစဉ်ကို အလှူခံရရှိငွေများဖြင့် ဆက်လက် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)