ကျောက်တန်းမြို့နယ်တွင် Oxygen Plant (၁) စုံ ရောက်ရှိ မကြာမီစတင်လည်ပတ်နိုင်တော့မည်

ကျောက်တန်း     ဩဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုအပ်လျက် ရှိသော အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေရန်နှင့် အောက်ဆီဂျင်လုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရန် အတွက်အလှူရှင်မှလှူဒါန်းသော Oxygen Plant(၁)စုံအား ယမန်နေ့ နေ့လယ်ပိုင်က  မြို့နယ် ပြည်သူ့ ဆေးရုံဝင်း အတွင်းရှိ အဆိုပါ  Oxygen Plant ထားရှိမည့် အဆောက်အဦတွင် ထားရှိကြောင်း သိရသည်။

၎င်းအောက်ဆီဂျင်စက်ရုံးအား အမြန်ဆုံးလည်ပတ်နိုင်ပြီး အောက်ဆီဂျင်ထုတ်လုပ်နိုင်ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စက်ရုံလည်ပတ်ပါက တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၈၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက်အောက်ဆီဂျင် လုံလောက်စွာဖြန့်ဝေပေးနိုင် မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အလှူရှင်ဒေါ်ခင်ယုံ၊ဒေါ်အေးမြင့်၊ဒေါ်တင်စိန်၊ ဦးစိုးမြင့်+ ဒေါ်လှလှဌေး သားသမီး မြေး မြစ်တစ်စုတို့မှ လှူဒါန်းသော Oxygen Plant အား ကျောက်တန်းမြို့သို့ သယ်ဆောင်လာရာ ကျောက်တန်းမြို့နယ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရန်ကုန်မြို့ မဟာဗန္ဓုလတံတားအထိ သွားရောက်သယ်ဆောင်ကာစက်ရုံအတွင်းနေရာချထားပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် အလှူရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် ထပ်မံတည်ဆောက်မည့် Oxygen Plant ၁ စုံ လည်းမကြာမီ ရောက်ရှိတော့မည်ဖြစ်ပြီး ကျောက်တန်းမြို့နယ်ရှိပြည်သူများအတွက် အောက်ဆီဂျင် လုံလောက်စွာ  ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 မြို့နယ် ပြန်/ဆက်