တာချီလိတ် ဩဂုတ် ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၁၀၀)ဦးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅၉) ဦး၊ စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၉) ဦးတို့ကို ယမန်နေ့နေ့လယ်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၁၅၉) ဦးမှာ အမျိုးသား (၉၃)ဦး၊ အမျိုးသမီး(၆၆)ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့် အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက် အဖြေအရ နေရပ်ပြန်ပြည်သူ သုံးဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး ကျန်နေရပ်ပြန် ပြည်သူ (၁၅၆) ဉီးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန် ပြည်သူသုံးဦးကို ဝမ်လုံအသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင်ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၅၉)ဉီးမှ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ(၁၅၆)ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ)၊ တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တာချီလိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ အခမဲ့မော်တော်ယာဉ် များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ် ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကာ နေရပ်များသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်။
ယာဆေး