သုံးခွ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့် ပြည်သူ့၀န်ထမ်းများအား သိုက်တူးကန်ကျေးရွာရှိ အ.ထ.က ကျောင်း၊ ပျဉ်းမကန်ကျေးရွာ( တောင်ဖီလာ ဘုန်းကြီးကျောင်း)၊ ကံမြင့်ကျေးရွာ ခေမာကံမြင့်(သီလရှင်ကျောင်း)နှင့် ပုလဲကျေးရွာ အ.ထ.ကကျောင်းတို့တွင် ယနေ့နံနက် ၉နာရီခွဲအချိန်က လေးနေရာခွဲ၍တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။
တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်း ထိုးနှံနိုင်မည်ဖြစ်ပြီး အဆိုပါဆေးကို ယမန်နေ့နံနက်ပိုင်းမှစ၍ သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ ပြည်သူ့၀န်ထမ်းများကို ကျေးရွာများရှိသက်ဆိုင်ရာ စုရပ်နေရာများ၌ ထိုးနှံပေးခြင်းဖြစ်ပြီး ဆက်လက်၍(၁၈-၈-၂၀၂၁)ရက်နေ့တွင် ရှမ်းစုကျေးရွာ၊ ရေပေါ်ကန်ကျေးရွာ၊ သခွတ်ကုန်းကျေးရွာ၊ နံယောကျေးရွာတို့တွင် အဖွဲ့၂ဖွဲ့ခွဲ၍လည်းကောင်း၊ ဆယ်ရွာကျေးရွာ၊ အဖောင်ကျေးရွာ၊ အိဿယကျေးရွာ၊ ကဒပ္ပန ကျေးရွာတို့တွင် အဖွဲ့၃ဖွဲ့ခွဲ၍ လည်းကောင်း၊ (၁၉-၈၂၀၂၁)ရက်နေ့တွင် ထုံးကြီးကျေးရွာ၊ ဇွဲထော်ကျေးရွာ၊ ကုန်းခလာ၊ တမံကြီးကျေးရွာတို့တွင် အဖွဲ့၁ဖွဲ့ခွဲ၍လည်းကောင်း၊ အဇန်းတောဇွန်း၊ ဖရုံကန်၊ ဘုရားကြီး၊ ကျွဲတဲကုန်း၊ ကိုင်းကုန်း၊ မိချောင်းကန်ကျေးရွာတို့တွင် အဖွဲ့၂ဖွဲ့ခွဲ၍လည်းကောင်း၊ မှိုကုန်းသာ၊ အောင်သာဒါန်း၊ သြဘာညွန့်၊ ထွန်းစိန်၊ ဇောတိက၊ ကတုံးအလယ်၊ ကတုံးအထက်၊ မချီးပင်ချောင်၊ လက်ပန်ချောင်၊ သမစိတ္တ၊ အောင်ပန်းစိန်ကျေးရွာတို့တွင် အဖွဲ့၃ဖွဲ့ခွဲ၍ လည်းကောင်း၊ (၂၀-၈-၂၀၂၀)ရက်နေ့တွင် အဇတ်၀၊ ကျားဘို၊ စစ်ကုန်း တောဇွန်း၊ သဲကုန်းတူမြောင်း၊ လက်ပန်နန်းခလဲ၊ တက်ကော၊ သရောတော ကျေးရွာတို့တွင် အဖွဲ့၁ဖွဲ့ခွဲ၍လည်းကောင်း၊ ညောင်လန်းကုန်း၊ ညောင်ပင်ခင်တန်း၊ မဟာမိတ်၊ ဘိတ်သိတ်၊ ရန်ကြီး အောင်၊ သာသာမြိုင်၊ ဟေမဇလာ၊ တင်းတောင်းချောင်တို့တွင် အဖွဲ့၂ဖွဲ့ခွဲ၍လည်းကောင်း၊ မင်းရွာအသင်း၊ သာဂရ ကျေးရွာတို့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သံဃာတော်များ၊ သက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ ပြည်သူ့၀န်ထမ်းများအား၊ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများအား မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
“အခုလို ကိုဗစ်-၁၉ ရောဂါက ဖြစ်ပွားနေချိန်မှာ ကျေးရွာအရောက် လာရောက် ဆေးထိုးပေးခြင်းကို အထူးပဲ၀မ်းသာမိပါကြောင်း" ကို ပုလဲကျေးရွာရှိ အသက် ၆၆နှစ်အရွယ် ဆရာတော် ဦးဩဘာသ ကပြောကြားခဲ့သည်။ သိုက်တူးကန်ကျေးရွာနေ အသက် ၆၈နှစ်အရွယ် အဘွားဒေါ်သိန်းစိန်မှလည်း "ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးခြင်းကို ကျေးဇူးတင်မိပါကြောင်း၊ ဒီကာကွယ် ဆေးထိုးနှံရတဲ့အတွက် ဒီထက်ပိုပြီးအသက်ရှည်ရှည် နေရမယ်လို့ ယုံကြည်တဲ့အတွက်ဒီဆေးကိုလာရောက်ထိုးနှံခြင်းဖြစ်ပါကြောင်း" စသဖြင့်ပြောကြားခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး(၁၅၅၀)လုံးကို ကျေးရွာပေါင်း (၆၀ )ရှိ လူဦးရေ (၃၁၀၀)အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။