ဖားကန့် သြဂုတ် ၁၈
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဒုတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက လူနှစ်ထောင်နီးပါးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များမှ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်စုပေါင်းရုံးနှင့် ကိုဗစ်ကုသရေးစင်တာများတွင် အသီးသီးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒုတိယအသုတ် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖားကန့်မြို့နယ်အတွင်းမှ လူဦးရေ (၁၉၀၀)အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပထမအသုတ် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ လူဦးရေ (၃၆၀၀)အား ထိုးနှံပေးခဲ့ပြီး ပထမအသုတ်နှင့် ဒုတိယအသုတ်ပေါင်း စုစုပေါင်းလူဦးရေ (၅၅၄၂)ဦး၊ အသုံးပြုကာကွယ်ဆေး အလုံးရေမှာ Sinopharm အမျိုးအစားဆေး(၂၇၅၀)လုံးနှင့် Sinovic အမျိုးအစား ဆေး(၂၁)လုံးအား သုံးစွဲခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် အမျိုးအစားများမှာ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်း၊ နိုင်ငံဝန်ထမ်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ /အလုပ်ရုံဝန်ထမ်းများ၊ ဟော်တယ်/မိုတယ် တည်းခိုခန်းမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ Super Market / ဈေးရောင်းဈေးဝယ်သူများ စသည်ဖြင့် အုပ်စုအလိုက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖားကန့် (ပြန်/ဆက်)