မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

မလှိုင်   ဩဂုတ်   ၁၇      

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်ဖြစ်သည့် မလှိုင် အ.ထ.က ကျောင်းဝင်းအတွင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည် ။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပညာရေးဝန်ထမ်းများအား မနက်ပိုင်းတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် မြို့မစည်ပင်သာယာဈေး အတွင်းရှိ ဈေးသည်များ၊ တည်းခိုခန်းများ၊ စက်ရုံ/အလုပ်ရုံများ၊ ကွမ်းယာဆိုင်များ၊ စားသောက် ဆိုင်များမှ ပုဂ္ဂိုလ်များ ၊ ကာကွယ်ဆေးလာရောက် ထိုးနှံ သူ အားလုံး ကို Sinopharm အမျိုးစား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခဲ့သည် ။

အဆိုပါနေ့က အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၁၆၅)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၅)ဦး၊ စေတနာ့ဝန်ထမ်း (၃ဝ)ဦး၊ ဘုန်းတော်ကြီး (၆)ပါး၊ နိုင်ငံ့ဝန်ထမ်း (၉၃)ဦး၊ စက်ရုံ / အလုပ်ရုံဝန်ထမ်း (၄၁)ဦး ၊ အချုပ်သား (၄)ဦး ၊ ဈေးသူ / သား (၆၅)ဦး၊ စုစုပေါင်း (၄ဝဝ)ဦး ထိုးနှံနိုင်ခဲ့ပြီး ဆေးရရှိမှုမှာ (၃၄၁၉)လုံးဖြစ်၍ ဆေးထိုးရန် ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)