ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များ အသင်းနှင့် တွေ့ဆုံမေးမြန်း

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များ အသင်းမှဥက္ကဋ္ဌ  ဦးဘိုမောင်သိန်းအား တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်

ကျောက်တော်   ဩဂုတ်  ၁၇

မေး။ မင်္လာပါရှင့်၊ ဆရာ့အမည်နဲ့ အသင်းအဖွဲ့ရဲ့အမည်လေး သိပါရစေရှင့်။

အဖြေ။ ကျွန်တော်ရဲ့အမည်ကတော့ ဦးဘိုမောင်သိန်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသင်း အမည်ကတော့ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များ အသင်း ဖြစ်ပါတယ်ခင်ဗျာ။

မေး။ ယခု ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းကို ထူထောင်ဖြစ်ခဲ့တဲ့ရည်ရွယ် ချက်လေး သိပါရစေရှင့်။

အဖြေ။ ။ ကျောက်တော်မြို့နယ်ရှိ ပြည်သူတွေကိုသွေးနဲ့သွေးလိုအပ်ချက်တွေကို အချိန်နှင့် တစ်ပြေးညီ ကူညီဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီရွှေဂရုဏာ (ပရဟိတ) လူငယ် သွေးလှူရှင်များအသင်း ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မေး။ ။ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်း  စတင်တည်ထောင်ခဲ့တဲ့ခုနှစ်နှင့် အသင်းကို ဦးဆောင် ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေနဲ့၊ အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရှိပါ သလဲ သိရှင်ပါတယ်ရှင့်။

ဖြေ။ ။ ကျွန်တော်တို့ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ နာယက(၅)ဦး၊ အမှုဆောင်ကော်မတီ (၃၀)ဦး၊ အသင်းသား(၁၀၀)ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အသင်းမှတ်ပုံတင်အမှတ်၊ ၆/ ကတ/ ၀၀၃ ဖြစ်ပါတယ်။ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းအနေနဲ့ သွေးအလုံးပေါင်း (၇၂၀) ကျော်ကိုလည်း လှူဒါန်းပေးထားပြီးဖြစ်ပါတယ် ခင်ဗျာ။

မေး။ ။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းမှာ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များအသင်း က ကူညီပေးနေမှုများကိုလည်း သိပါရစေရှင့်။

ဖြေ။ ။ ကျွန်တော်တို့ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းအနေနဲ့ မြို့နယ်ထွေ/ အုပ်၊ မြို့နယ်ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ Mask Campaign ပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာ၊ ဗီနှိင်းများကို မြို့ပေါ်နှင့် ကျေးလက်ဒေသ များသို့ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်းလုပ်

ငန်းများကို လုပ်ကိုင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ် ခင်ဗျား။

မေး။ ။ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းအနေဖြင့် ကူညီပေးနေတဲ့ လုပ်ငန်းတွေထဲက ကိုဗစ်-၁၉ လူနာတွေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံတွေမှာ ပံ့ပိုးကူညီပေးနေမှုများကို သိပါ ရစေရှင့်။

ဖြေ။ ။ ကျွန်တော်တို့ ရွှေဂရုဏာ(ပရဟိတ)လူငယ်သွေးလှူရှင်များအသင်းအနေဖြင့် မြို့နယ် အတွင်းရှိပြည်သူ့နဲ့ ပူးပေါင်းပြီး အောက်ဆီဂျင် သယ်ယူပေးခြင်း၊ အောက်ဆီဂျင်ရရှိရေးအတွက် ကူညီပေးခြင်း၊ Covid - 19  လူနာတွေကိုလည်း သယ်ယူဆောင်ရွက်ပေးရပါတယ်။ Covid - 19 ရောဂါလူနာအတွက် လိုအပ်သောအစားအစာများ၊ အဝတ်အထည်များကိုလည်း ထောက်ပံ့ပေးလျက်ရှိပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေ မှာလည်း ကူညီဆောင်ရွက်ပေးပေးလျက်ရှိပါတယ်ခင်ဗျား။

မေး။ ။ ဆရာတို့ အသင်းအနေနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်ရပါသလဲ သိပါရစေရှင့်။

ဖြေ။ ။ ကျွန်တော်တို့ အသင်းအနေနဲ့ ရန်ပုံငွေရှာဖွေရတာ အများကြီးအခက်အခဲရှှိပါတယ်၊ အသင်းရန်ပုံငွေရရှိရေးအတွက် နှစ်စဉ်နှစ်တိုင်း ရှိုးပွဲတွေ ကျင်းပပြုလုပ်ခြင်း၊ ဆိုင်ကယ်အပ်နှံ လက်ခံပြီး ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။ ယခု Covid - 19 ကာလ ဖြစ်တဲ့အတွက် ရှိုးပွဲတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ အဲဒါကြောင့် ငွေကြေး အခက်အခဲ များစွာရှိနေပါတယ်။ ကျွန်တော်တို့ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင် များအသင်း လည်ပတ်နိုင်ရန်အတွက် ရန်ပုံငွေအများကြီး လိုအပ်လျက်ရှိပါတယ်ခင်ဗျား။

မေး။ ။ ပရဟိတ စိတ်ဓါတ်နဲ့ဆောင်ရွက်ရပြီး မွန်မြတ်တဲ့လုပ်ငန်းဖြစ်တာကြောင့် ဆရာတို့ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များအသင်းရဲ့ ပီတိစကားသံများ ကိုလည်းကြား ပါရစေရှင့်။

ဖြေ။ ။ ဝမ်းသာပါတယ်၊ အချိန်တွေနဲ့ဘဝတွေကို ပြည်သူအတွက်စေတနာအလျောက် ကူညီရ တယ်ဆိုတာ ကျွန်တော့်အတွက်၊ အသင်းအတွက် များစွာဝမ်းသာပီတိဖြစ်ရပါတယ်၊ ကျွန်တော်တို့ ကူညီရတဲ့ ပြည်သူတွေရဲ့ အခက်အခဲများကို ကျွန်တော်တို့က ပြန်လည်ကူညီခွင့်ရတဲ့ အတွက် အသင်းသူ/အသင်းသားများအနေဖြင့် ဂုဏ်ယူဝမ်းသာမိပါတယ် ခင်ဗျာ။

မေး။ ။ အဖွဲ့ရဲ့ကိုယ်စား ပြောရှင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါရှင့်။

ဖြေ။ ။ ကျွန်တော်တို့အသင်းဟာ ကျောက်တော်မြို့နယ်အတွက် လူမှုကူညီရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေရတဲ့အတွက် လုပ်ငန်းဆောင်ရွက်တဲ့အခါ အစိုးရ၊ ကျွန်တော်တို့နဲ့ ပြည်သူ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီ ဖြေရှင်းပေးနိုင်ရင်တော့ ပိုပြီးတော့ ဒီထက်မက ပြည်သူအကျိုးကို ကူညီဆောင်ရွက်ပေးနိုင်မယ် လို့ ထင်ပါတယ်ခင်ဗျာ။ ယခုလို ဆရာတို့အနေနဲ့ အချိန်မအားလတ်တဲ့ကြားက စိတ်ရှည်စွာ ပြန်လည် ဖြေကြားပေးတဲ့အတွက် ကျွန်မတို့ ပြန်/ဆက်ဌာနအနေဖြင့်လည်း ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်။

တွေ့ဆုံမေးမြန်းသူ- ဒေါ်အေးမြသန်း