ကျိုင်းတုံမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကျိုင်းတုံ    ဩဂုတ်   ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် အထွေထွေအုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးဝင်းနိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အတွင်းရှိ ကလေးသူငယ် များအားလုံး ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မှာ နိုင်ငံ့သား ကောင်းရတနာများ ပေါ်ထွန်း လာရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပေးကြရန် အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ်၏ အခွင့်အရေးများဆိုင်ရာ  အကောင် အထည် ဖော်ဆောင်ရွက်နေမှု၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီး များ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း  စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း တင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)