တံတားဦး ဩဂုတ် ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမ္မာန်၊ တံတားဦးမြို့နယ် တိုက်နယ်ဆေးရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာန တို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ယနေ့ နံနက်(၉)နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ပူးပေါင်း၍ တံတားဦးမြို့နယ် အတွင်းရှိ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေခြင်း၊ ဆေးမထိုးရအုပ်စု မှန်မမှန်စိစစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေး၏ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်တုန့်ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှု ခြင်းများ ဆောင်ရွက်ပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ဇူလိုင်လ(၃၁)ရက်နေ့မှ ယနေ့အထိ အသက်(၆၅)အထက် သက်ကြီး ဘိုးဘွား(၁၆၂၇)ဦး ၊ ဘုန်းတော်ကြီးနှင့် သီလရှင် စုစုပေါင်း(၁၃၀)ဦး၊ စေတနာ့ရှင် ပရဟိတ(၃၉၂)ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၂၄)ဦးနှင့် နိုင်ငံဝန်ထမ်း(၅၆၇)ဦး နိုင်ငံဝန်ထမ်း မိသားစု(၂၀၈)ဦး ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၂၆)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း (၅၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၃၆၈)ဦး စုစုပေါင်း(၃၃၉၈)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး)