မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား ဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်

မိုင်းခတ် သြဂုတ် ၁၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယ​နေ့နံနက်၁၀နာရီက မိုင်းခတ်မြို့ပေါ်ရပ်ကွက်၊ စွပ်ပ​လောင်း၊ ယန်း​တောင်း၊ ပါဆံကျ​ကျေးရွာများသို့ ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပဧည့်သည်များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေမှ နေထိုင်ကြရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ကြသည်။

အဆိုပါအသိပညာပေးနှိုးဆော်ခြင်းကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာများပါ စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။