ပေါက်တောမြို့နယ် စေတနာရှင်လူငယ်များအသင်းဥက္ကဋ္ဌ ဦးတေဇဝံသနှင့်တွေ့ဆုံမေးမြန်းခြင်း

ပေါက်တော၊ သြဂုတ် ၁၇

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် စေတနာရှင်လူငယ်များအသင်းမှ ဥက္ကဋ္ဌ ဦးတေဇဝံသအား အသင်း၏ ဆောင်ရွက်ချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။   ဦးဇင်းရဲ့ ဘွဲ့နာမည်နဲ့ အသင်းအဖွဲ့ရဲ့ နာမည်ကို သိပါရစေ။

ဖြေ။   ဦးဇင်းရဲ့ ဘွဲ့နာမည်က ဦးတေဇဝံသ ဖြစ်ပါတယ်။ အသင်းအဖွဲ့ နာမည်ကတော ဦးတေဇဝံသ ဦးဆောင်သော စေတနာရှင်လူငယ်များအသင်း ဖြစ်ပါတယ်။

မေး။   အသင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်လေး သိပါရစေ။

ဖြေ။   စေတနာရှင်လူငယ်များအသင်းကို တည်ထောင်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ အများ ပြည်သူကို ကိုယ်စားပြုတဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ဖို့ပါ ဒီလို ကိုဗစ်ကာလမှ မဟုတ်ပါဘူး လူ့အသိုင်းအဝိုင်းမှာ နေကြတဲ့အခါ ကောင်းတာရော ဆိုးတာပါ အတူတူ ဖြတ်ကျော်ကြဖို့ လူငယ်တွေကို စုစည်းထားတဲ့ သဘောပါ။

မေး။  ဒီအသင်းကို စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်နှင့် အသင်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ဝင် အရေအတွက် သိပါရစေ။

ဖြေ။   ဦးဆောင်ပြုလုပ်တဲ့နှစ်ကတော့ ၂၀၂၀ ကတည်းက လုပ်ဖြစ်ကြပါပြီ၊ ဒီကာလ        မကျော်ဖြတ်ကြတဲ့ ရှေးနှစ်တွေမှာလည်း ခေါင်းစဉ်အမျိုးမျိုး အသင်းနာမည်အမျိုးမျိုးနဲ့ ရပ်ရွာ ကောင်းကျိုး၊ မြို့ရွာ ကောင်းကျိုးတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ အသင်းသား တွေကလည်း အတည် အမြဲရယ်လို့ မဟုတ်ပါဘူး၊ ဒီအလုပ်က ပရဟိတအလုပ်ဆိုတော လက်တစ်ကမ်းမှာ အသင့်ရှိတဲ့ ပရဟိတစိတ်ရှိတဲ့ လူငယ်တွေနဲ့ပဲ လုပ်ဖြစ်ကြပါတယ် လူငယ်တိုင်းက ကိုယ်နဲ့ သက်ဆိုင်တယ်လို့ ခံယူလိုက်ရင် အကုန်လုံး စိတ်တူကိုယ်တူ လက်တွဲလုပ်ဆောင်လို့ အဆင်ပြေပါတယ်။

မေး။  ဒီကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ဦးဇင်းတို့အသင်းအနေဖြင့် ကူညီပေးနေမှုများကို သိပါရစေ။

ဖြေ။  အသင်းရဲ့အဓိကလုပ်ဆောင်နေတာကတော့ စာနပ်ရိက္ခာထောက်ပံ့ရေးကို ဦးစား ပေး သွားတယ်ဆိုပေမဲ့ မိမိတို့မြို့ရဲ့ အခြေအနေအရ Dead Body သယ်ဆောင်ရေး၊ Positive လူနာသယ်ဆောင်ရေးတို့ကအစ Mask နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေပါ အကုန်လုပ်ပေးရတာပါပဲ၊ လိုအပ်ရင် လိုအပ်သလိုမျိုးပေါ့၊ လူနာတွေနဲ့ ပတ်သက်ပြီးတော့ အသင်းက တိုက်ရိုက်ဆောင်ရွက်လို့ ရတဲ့ ကိစ္စလည်းရှိသလို မရတဲ့ ကိစ္စလည်း ရှိပါတယ်၊ ဒီမြို့မှာက အောက်ဆီဂျင်လည်း မလည်ပတ်နိုင်သေးဘူး၊ အောက်ဆီဂျင်ဗူးတွေကို  (Oxygen Plant) ဖြစ်မြောက်ရေး ကော်မတီက Volunteer လေးတွေ ယူပေးရတာတွေ ရှိပါတယ်၊ မိသားစု မရှိတဲ့ Positive လူနာတွေအတွက် ဆေးဝါးတွေ ထောက်ပံ့ရတာတွေ ရှိပါတယ်။

မေး။   လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိပါ                  သလား။

ဖြေ။ အခက်အခဲကတော့ ရှိစမြဲပါ၊ ဘယ်အလုပ်မဆို အချိန်တန်ရင် သူဟာနဲ့သူ အတိုင်းအတာ တစ်ခုအထိ လက်ခံပေးကြမှာပါ။

မေး။   ပရဟိတစိတ်ဓါတ်နှင့် ဆောင်ရွက်ရပြီး မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တာကြောင့် ဦးဇင်းရဲ့ ရင်ထဲက ပီတီစကားကိုလည်း ကြားချင်ပါတယ်။

ဖြေ။  အများအတွက်ဆိုတဲ့ စိတ်နဲ့ ဒီအလုပ်ကို စတင်ခဲ့ကြတယ် ဒီအလုပ်က အတိုင်း အတာ တစ်ခုအထိ အောင်မြင်တာတွေ့ရတော အတိုင်းမသိ ပီတီဖြစ်ပါတယ်။

မေး။   အဖွဲ့ရဲ့ကိုယ်စား ပြောချင်တာရှိရင် ဖြည့်စွက် မိန့်ကြားပေးပါ။

ဖြေ။    ဦးဇင်းအနေနဲ့ ပြည်သူတွေကို/မြို့ကလူတွေကို မှာချင်တာက ကျန်းမာရေးဦးစီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို လိုက်နာကြဖို့၊ မြို့ပေါ်က လူတွေကို မှာကြား ချင်တာက လက်ရှိ ယခုလို အကျပ်အတည်း ကာလမှာ တစ်ဦးတစ်ယောက် စွမ်းဆောင် ရည်နဲ့တော့ ဘယ်လိုနည်းနဲ့မှ လုပ်ဆောင်လို့ မရနိုင်ဘူး၊ သို့ဖြစ်ပါ၍ လူငယ်တွေက လည်း စိတ်ချင်းဆက်၍ ခွန်အားမျှကာ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ တိုးတက် ရအောင်၊ စည်ပင်လာအောင်၊ အဆင်ပြေလာအောင် အကုန်လုံး ပူးပေါင်းဆောင်ရွက် ကြပါစို့လို့ ဦးဇင်းအနေနဲ့ ဒီနေရာကပဲ ပြောပြချင်ပါတယ်။

တွေ့ဆုံမေးမြန်း - တင်တင်စိန်

ကျော်သန်း(ပြန်/ဆက်)