ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် ကျွဲ၊ နွား မွေးမြူရေးသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကလေးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေသခံ ကျွဲ၊ နွား မွေးမြူသူများ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူတက်စေရန် ကျွဲ၊ နွား မွေးမြူရေးသင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျွဲ၊ နွား မွေးမြူရေးသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါက်တာရီမွန်အေးက ကျွဲ၊ နွားများ မွေးမြူရာတွင် ကြီးထွားနှုန်းမြန်သော ကျွဲ၊ နွားများ မွေးမြူခြင်း၊ အသားစားနွားမွေးမြူခြင်း ဘာသာရပ်များနှင့် ဒုတိယဦးစီးမှူး ဒေါက်တာကျော်ရဲနိုင်က ကျွဲ၊နွားများ မွေးမြူရာတွင် အစာအာဟာရလုံလောက်ပြီး ဖူလုံမှုရှိစေရန် စားကျက်စိုက်ပျိုးခြင်း၊ ကျွဲ၊ နွားများ မွေးမြူရာတွင် ရောဂါများမဖြစ်ပွားရန် နှစ်စဉ် ကာကွယ်ဆေးများထိုးနှံခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဩဂုတ်လ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျောက်ဆည်မြို့နယ် ကလေးကျေးရွာမှ ဒေသခံ ကျွဲ၊ နွား မွေးမြူနေသူ (၂၀) ဦးဖြင့် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်မွေးမြူ၍ မွေးမြူရေးလုပ်ငန်း၏အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန် ကောင်းမွန်သောမွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်တတ်စေရန် ပြည့်စုံမျှတသော တိရစ္ဆာန်အစာကို ရောစပ်ကျွေးမွေးတတ်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ခံ ဒေါက်တာရီမွန်အေးကပြောပြ၍ သိရသည်။

တင်တင်ထွေး (ခရိုင်ပြန်/ဆက်)