ဒဂုံဆိပ်ကမ်း ဩဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး လက်လုပ် လက်စား အခြေခံလူတန်းစားများကို ယမန်နေ့နေ့ နံနက်(၁၀:၀၀)နာရီမှညနေ (၄:၀၀) နာရီအထိ အချိန်(၃)ချိန်ခွဲ၍ (၉၄)ရပ်ကွက်၊ ပိတောက်လမ်းရှိ မြို့နယ်ကြက်ခြေနီ (ယာယီ) ရုံးခွဲ၌ လူ့အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါလှူဒါန်းမှုတွင် မြို့နယ်တွင်းရှိ ဆင်းရဲနွမ်းပါး လက်လုပ်လက်စား အခြေခံ လူတန်းစားများကို UNHCR မှ ကူညီထောက်ပံ့ပေးသော အ၀တ်အထည်(၇)မျိုး၊ ခြင်ထောင်နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပါ၀င်ပြီး မြို့နယ်ကြက်ခြေနီ စေတနာ လုပ်အားရှင်အဖွဲ့မှ အိမ်ထောင်စု(၁၅၀)ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်ထံမှ သိရပါသည်။
မြို့နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်အဖွဲ့သည် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှုအသိပညာပေးလုပ်ငန်းများ၊ ပိုးသတ်ဆေးဖြန်းခြင်း၊ သွေးလှူဒါန်းခြင်း၊ ကျန်းမာရေးအသိပညာပေးရေးလုပ်ငန်းများ၊ မိုးရာသီ၌ ခြင်အန္တရာယ် ကင်းဝေးစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ကာကွယ်ဆေး လုပ်ငန်းများ၊ လူနာတင်ယာဉ်၀န်ဆောင်မှုများ အမြဲပေးနေပြီးပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့