“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၉၀၀)ဦးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဟိုပန်            ဩဂုတ်         ၁၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းရှိ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၉၀၀)ဦးအတွက် အခြေခံစားသောက်ကုန်များ (ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်နီ၊
ကုလားပဲ) ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ကထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်း/
ခရိုင်/မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော  ဝန်ထမ်းတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သား
နှုန်းဖြင့် ဝန်ထမ်း(၉၀၀)ဦးအတွက် ဆန်(၂၄)ပြည်အိတ်(၂၂၅)အိတ်၊ ဆီ(၄၅၀)ပိဿာ၊ ကုလားပဲ(၄၅၀)ပိဿာ၊ ကြက်သွန်နီ(၄၅၀)ပိဿာ၊ ကြက်ဥ(၃၀၀)ကဒ်တို့ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ဌာနဆိုင်ရာအလိုက် တာဝန်ခံများက လက်ခံရယူခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။