ကျိုက်မရောတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ သွားလာနေသူများအား စစ်ဆေး ကြပ်မတ်၍ ဒဏ်ငွေရိုက် အရေးယူလျက်ရှိ

ကျိုက်မရော   သြဂုတ်  ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှု လျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းကာ သြဂုတ် ၁၆ ရက်နေ့ ညနေပိုင်းက လူ အသွားအလာများသည့် လမ်းဆုံများနှင့် စပယ်ဂူတံတားထိပ်တို့၌ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပါးစပ်ပိတ်နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေကြသည့် အိမ်ပြင်ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ လမ်းသွားလမ်းလာများ၊ မြို့နယ်ပြင်ပသွားလာသူများကို ခရီးသွား ရာဇဝင်များ စစ်ဆေးပြီး သက်ဆိုင်ရာ ထောက်ခံချက် ပါ/ မပါ၊ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်းနှစ်ခုပေးပြီး ဒဏ်ငွေ ၅၀၀ကျပ် ပေးဆောင်စေကာ အခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်မှ ယနေ့ထိ(၁၀၈)ဦးအား ဒဏ်ငွေအရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)