မိုင်းဆတ် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အောက်ဆီဂျင်ထုတ်စက် ဝယ်ယူရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းသည့် အလှူငွေလက်ခံရရှိမှု၊ သုံးစွဲမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း Quarantine Center ပြင်ဆင်ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား နိုင်ငံတော်မှ ထောက်ပံ့ပေးမည့်အစီအစဉ်များ၊ Quarantine Center တိုးချဲ့ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များ၊ Quarantine ဝင်ရောက်သူများနေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာတွေ့ရှိမှု၊ အောက်ဆီဂျင်ပေး ကုသနေမှုအခြေအနေများ၊ မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ Quarantine Center တိုးချဲ့ပြင်ဆင် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူတို့က Quarantine Center အဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး Quarantine ဝင်ရောက်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ကုတင်ထားရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ မိလ္လာသုံးစွဲမှု အဆင်ပြေစေရန် ပြင်ဆင်ဆောင်ရွက်ရေး တာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်းသိရသည်။
မြင့်မောင်