လားရှိုး ဩဂုတ် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ လက်ကားရောင်းချသောဆေးဆိုင်များအား လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ(၁၆)ရက် မွန်းလွဲ (၂)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ထိုသို့စစ်ဆေးရာ၌ လားရှိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ စံကောင်းလမ်း၊ ပြည်လမ်း၊ သိန္နီလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ ကျောက်တောင်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ ကြာညိုလမ်းတို့မှ Mega Lifegcicenss နှင့် PRIME POWER ဆေးဆိုင်၊ GOE GOE ဆေးဆိုင်၊ ဖူးရှင်းဆေးဆိုင်၊ ချမ်းစိန် ဆေးဆိုင်၊ Beta - Met Distribution ဆေးဆိုင်များနှင့် ဆေးသိုလှောင်ရာနေရာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်ကာ စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆေးဆိုင်များအနေဖြင့် ဆေးဝါးပစ္စည်းများကို ရောင်းချရာတွင်လည်း သတ်မှတ်တန်ဖိုးဈေးများ အလိုက် ရောင်းချရေး၊ ဈေးကစားခြင်းများ မပြုလုပ်ရေးတို့အပြင် ဆေးဝါးများတင်သွင်းရာတွင် အခက်အခဲများ ဖြစ်ပေါ်လာပါကလည်း သက်ဆိုင်ရာအစိုးရအနေဖြင့် လိုအပ်ချက်များကို ကူညီ ပံ့ပိုးပေးနိုင်ရေးတို့အတွက် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အမှန်တကယ် ဆေးဝါး လိုအပ်နေသော လူနာများအတွက် အချိန်မှီ လိုအပ်ဆေးဝါးများ ဝယ်ယူနိုင်ရေးတို့ အတွက် အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားပါသည်။
လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုမှာလည်း ဩဂုတ်(၁၆)ရက်နေ့အထိ တဖြည့်ဖြည်း ဆက်တိုက် ကျဆင်းလာလျှက်ရှိနေပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်ကာ နေ့စဉ် ရပ်ကွက်များ၊ လမ်းများ၌ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ဗမာဘာသာ၊ တိုင်းရင်းဘာသာ(၄)မျိုးတို့ဖြင့် ကြေငြာဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ဟန်ဌေး