အမ်း ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်မြို့သန့်ရှင်းသာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဦးဥတ္တမ ပန်းခြံ မြေထိန်းနံရံဆောင်ရွက်ခြင်း(၈၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ရာနှုန်းပြည့်ပြီးစီးရေး အတွက် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဦးဥတ္တမပန်းခြံ မြေထိန်းနံရံဆောင်ရွက်ခြင်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၇၇၀၀၀၀၀) ကျပ်ဖြင့် (၆၀’(၂’+၄’)/၂×၁၂’)နှင့် မြေဖို့ခြင်းလုပ်ငန်း(၉၀’×၆၀’×၆’)ကို New Tech ကုမ္မဏီမှ တင်ဒါအောင်မြင်၍ဆောင်ရွက်လျက်ရှိရာ (၈၀)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးခိုင်စိုးသိန်းတို့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။
အမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ ခုနှစ်အတွင်း မြို့သန့်ရှင်းသာယာလှပဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေထိန်းနံရံပြုလုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်း ခင်းခြင်း၊ အုပ်စီမြောင်းပြုလုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေတွင်းတူးဖော်ခြင်း၊ မြို့သန့်ရှင်း သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ဒေသခံပြည်သူများသွားလာမှု လွယ်ကူစေရန်လမ်းများ၊ စုစုပေါင်းလုပ်ငန်း(၃၁)ခု ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘဏ္ဍာနှစ် အလိုက် လုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင် ထံမှသိရှိရသည်။
ဝင်းအိမွန်