နောင်ချို ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့်အောက်ဆီဂျင် အိုးသစ် အလုံး (၃၀)အား ပရဟိတအသင်းများမှ ထပ်မံဝယ်ယူခဲ့ရာ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်အိုးသစ်များ ဝယ်ယူနိုင်ရန် ပရဟိတအသင်းများသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက လှူဒါန်းပေးကြပြီး အဆိုပါလှူဒါန်းငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်တွင် နေ့စဉ် ပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယမန်နေ့အထိ ပိုးတွေ့လူနာပေါင်း (၁၀၅၀)ဦး ထိရှိလာပြီဖြစ်သည်။ ပိုးတွေ့လူနာ (၉၄၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး၊ သေဆုံးသူ (၂၄)ဦး ရှိကြောင်း၊ ကုသမှုခံယူနေဆဲလူနာ (၈၄)ဦး ရှိကြောင်း၊ အဆိုပါလူနာများထဲမှ အောက်ဆီဂျင်လိုအပ်သော လူနာများအောက်ဆီဂျင် အချိန်မီ လုံလောက်စွာ ရရှိသုံးစွဲနိုင်ရန် ပရဟိတအသင်းများမှလည်း စွမ်းဆောင်ပေးလျက်ရှိကြောင်း၊ ပရဟိတအသင်းများ (စေတနာမွန်၊ ဖြူစင်မေတ္တာ)သည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အသင်းများဖြစ်ကြောင်း၊ ၎င်းအသင်းများ၏ လိုအပ်ချက်များအပေါ် အလှူရှင်များမှလည်း စဉ်ဆက်မပြတ် လှူဒါန်းပေးလျက် ရှိကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
ထွေးငယ်