ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအသိပညာပေးနှိုးဆော်

ကွန်ဟိန်း ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ များအား အသိပညာပေး နှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးရာတွင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှအိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက်ခြင်း လုံးဝမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာ‌ခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကို အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ အခြားသူများနှင့်(၆)ပေအကွာ ခပ်ခွာခွာနေရန်၊ လေ၀င်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးလုံးဝ ရှောင်ကြဉ်ရန်၊ ကိုဗစ်ရောဂါ သံသယ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍    စောစီးစွာကုသမှုခံယူရန်၊ သတ်မှတ် စည်းကမ်းချက်များကိုတိကျစွာ လိုက်နာရန် နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး နှိုးဆော်ခြင်းအား မြန်မာ+ရှမ်း နှစ်ဘာသာဖြင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။