မိုင်းယုမြို့တွင် ဒေသထွက်လက်ဖက်ခြောက်များ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချ

 

 

မိုင်းယု ဩဂုတ် ၁၇

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် လက်ဖက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိရိုးဖလာရှေးအစဉ်အလာရ ဒေသတွင်းထွက် လက်ဖက် ခြောက်အဖြစ် ပြုလုပ် ရောင်းချရာ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြသည်။

 

 အဆိုပါ ဒေသတွင်းထွက် လက်ဖက်ခြောက်များကို  ခူးဆွတ်ရရှိလာသည့် လက်ဖက်ရွက်များ အား မီးဖိုပေါ်ရှိ ဒယ်အိုးပူထဲထည့်ကာ စက္ကန့်သုံးဆယ်နီးပါး အရွက်နွမ်းသွားသည့်အထိ မွှေနှောက်၍ ရရှိလာသည့် လက်ဖက်ရွက်အနွမ်းကို အရွက်လိပ်သွားသည့်အထိ နှီးဖျားကြမ်း ပေါ်တွင် အနည်းငယ်လက်ဖြင့် ထပ်လှိမ့်ကာ ပါးပါးဖြန့်ပြီး နေအခြောက်ခံခြင်းဖြင့် မွှေးပြန့်ဖန် ခါးသည့်ဒေသထွက် လက်ဖက်ခြောက်ကို ရရှိလာကြောင်းနှင့် ယင်းလက်ဖက်ခြောက်များကို တစ်ဆယ်ကျပ်သားခန့် အထုတ်များထုတ်၍ တစ်ထုတ်လျှင် ကျပ်ငါးရာနှုန်းဖြင့် ဒေသတွင်း ပြန်လည်ရောင်းချသော်လည်း စီးပွားဖြစ်ပြုလုပ်ရောင်းခြင်းမရှိကြောင်း လက်ဖက်စိုက် တောင်သူက ပြောသည်။

ယင်း လက်ဖက်ပင်များကို မိုင်းယုဒေသခံတိုင်းရင်းသားများသည် မိမိတို့၏ တောင်ယာများတွင် စီးပွားဖြစ် စိုက်ပျိုးထားခြင်းမရှိသော်လည်း မိရိုးဖလာရှေးအစဉ်အလာအရ တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုး၍ရရှိလာသည့် လက်ဖက်ညွှန့်တို့ကို လက်ဖက်ခြောက်ပြုလုပ်ပြီး အိမ်တွင်းမိသားစု သောက်သုံးရန်အတွက်သော်လည်းကောင်း၊ ဧည့်သည်များ လာရောက်ကြသည့်အခါ တည်ခင်း ဧည့်ခံနိုင်ရန်အတွက်သော်လည်းကောင်း သုံးစွဲလေ့ရှိကြကြောင်း သိရှိရသည်။

 

ကိုကိုနိုင်