ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၄၃၆ စုအား ထောက်ပံ့ငွေများ ပေးအပ်

ဒဂုံ(အရှေ့)  ဩဂုတ် ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရ မှထောက်ပံ့ပေးသည့်ထောက်ပံ့ငွေများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းတို့က မြို့နယ် အတွင်း ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု ၂၈၄၃၆ စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် ငွေကျပ် စုစုပေါင်း ၅၆၈၇၂၀၀၀၀ ကိုရပ်ကွက်၊ ကျေးရွာ (၃၂)ရပ်ကွက်တို့မှ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ ထံသို့ ထောက်ပံ့ငွေ များကို ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စု များအား ၂၀၂၀ပြည့်နှစ် ဧပြီလမှစတင်ကာ အခြေခံစားသောက်ကုန်(၅) မျိုးကို ပထမအကြိမ် အဖြစ် အိမ်ထောင်စု ၂၆၁၀၉ စုတို့အားလည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စု ၂၃၂၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃၄၉၀၅၀၀၀ ကိုလည်းကောင်း၊ တတိယ အကြိမ်တွင် အိမ်ထောင်စု ၂၈၄၃၆ စုတို့အတွက် ငွေကျပ် ၅၆၈၇၂၀၀၀၀ နှင့်ယခုစတုတ္ထအကြိမ်တွင်အိမ်ထောင်စု ၂၈၄၃၆ စုအတွက် ငွေကျပ် ၅၆၈၇၂၀၀၀၀ ကိုလည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)