မိုင်းဆတ်မြို့၌ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများအတွက် ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်း

မိုင်းဆတ် ဩဂုတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဝါတွင်းကာလနှင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ အဆင်ပြေစွာသီတင်း သုံးနိုင်ရန်နိုင်ငံတော်မှ လှူဒါန်းသည့် ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သက်ဆိုင်ရာကျောင်းအလိုက် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး လင်းအောင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့် တာဝန်ရှိသူတို့က မြို့ဦး ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပဏ္ဍိတ၊ မြို့မကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအာဒိစ္စ၊ မဟာမြတ်မုနိ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဂုဏနှင့် သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကထံသို့ နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်(၂၁)အိတ်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ များ အစီအစဉ်ဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် အာလူး(၁၀)ပိဿာ၊ ကြက်သွန်နီ(၂၀) ပိဿာနှင့် ဟင်းသီးဟင်းရွက်များကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

မိုင်းဆတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၆၄)ကျောင်းသို့ နိုင်ငံတော်မှ ဆွမ်းဆန်(၇၉)အိတ် လှူဒါန်းခဲ့ပြီး ကျန်ရှိသည့် ဘုန်းတော်ကြီး ကျောင်းများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)