နေပြည်တော် ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ကုသထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိူးတင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပျဉ်းမနားမြို့ ပရဟိတအသင်းပိုင် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပျဉ်းမနားမြို့ပရဟိတအသင်းပိုင် အောက်ဆီဂျင်စက်ရုံ ဥက္ကဋ္ဌ ဦးတေဇာအောင်က စက်ရုံလည်ပတ်နေမှု၊ အောက်ဆီဂျင်ထုတ်လုပ်ပုံ ထုတ်လုပ်နည်းအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို အသေးစိတ် လိုက်လံရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့က လိုအပ်သည်များကိုလမ်းညွှန် မှာကြားသည်။
အဆိုပါ အောက်စီဂျင်ထုတ်လုပ်သည့်စက်မှာ တရုတ်နိုင်ငံထုတ် PSA အမျိုးအစား Mobile Oxygen ထုတ်စက် 30m3/hr ထုတ်လုပ်မှုစွမ်းအား-120/24hr အောက်ဆီဂျင် စက်မှာ NZOအမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်လီတာ(၄၀)ဆံ့အိုး (၁၀၀)ခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိသည့် အောက်ဆီဂျင်အိုးများထဲမှ (၂၅)လုံးကို လိုအပ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ သံဃာဆေးရုံများအား အခမဲ့လှူဒါန်းပေးပြီး ကျန်အောက်ဆီဂျင်အိုးများကို တစ်လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများသို့ ဖြန့်ဖြူး ရောင်းချလျှက်ရှိကြောင်း၊ ပျဉ်းမနားမြို့ပရဟိတအသင်းပိုင် အောက်ဆီဂျင်စက်ရုံ ဥက္ကဋ္ဌ ထံမှ သိရှိရသည်။