သာစည် သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့တွင် အောက်ဆီဂျင်လိုအပ်မှု ဖြည့်တင်းနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကြာကန်ရိပ်သာကျောင်းတိုက် ဆရာတော်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်ရုံတည်ဆောက်မည့်နေရာအား မြေနေရာပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား သာစည်မြို့၊ အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်၊ ကြာကန်ရိပ်သာကျောင်းတိုက်၏ တောင်ဘက်မုဒ်ဦးအနီး (၆၀ပေx၁၀၄ပေ)ရှိ မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်ဆီဂျင်စက်၊ ကြာကန်ရိပ်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်စန္ဒောဘာသ (Ph.D India) မှ ငွေကျပ် (၇၅) သိန်းတန်ဖိုးရှိ အဆောက်အဦး ဆောက်လုပ်မည့် မြေနေရာ၊ ရွှေနဂါး ပဲခွဲစက်နှင့် စက်သုံးဆီဆိုင်မှ 100 KVA Transformer နှင့် ဆက်စပ်ပစ္စည်းများ၊ အောင်သုခရွှေဆိုင်မှ (၃၀ ပေx၅၀ ပေ) Steel Structure Open Type စက်ရုံအဆောက်အဦး၊ ရန်ကုန်မြို့ ဦးလှမောင်ရွှေမိသားစုမှ အုတ်တံတိုင်း (၁၀) ခန်းတို့အား မတည် လှူဒါန်းထားကြပြီး Royal Mya ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။