ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားရာတွင် ကလေးသူငယ်များနှင့်ပတ်သက်၍ အခွင့်အရေးများ မဆုံးရှုံးစေရေး၊ ကလေးများ၏ အနာဂတ် ဘဝများ လှပစေရေးအတွက် ကော်မတီဝင်များ အားလုံး သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြရေး နှင့် လစဉ် အစည်းအဝေးများကျင်းပပြီး ကလေးများဘဝတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားကြရေးတို့ကိုပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းက ယနေ့ အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ရာ ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ် များနှင့် ပတ်သက်၍ လူငယ် သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကလေးအလုပ်သမားများအရေး ဆောင်ရွက် ပေးနေမှုများ နှင့် ကလေးများပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြား ခဲ့သည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီနီမြင့်က မင်္ဂလာတောင်ညွန့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသော မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်(၁)ဦးမင်းအောင်၊ မြို့နယ်တရားရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ် ကြက်ခြေနီအသင်း(ယာယီ) တို့မှတာဝန်ရှိသူများ ကလေးသူငယ်များအရေးနှင့်ပတ်သက်ပြီး ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့ပြီး သိရှိလိုသည် များကိုလည်း အပြန်အလှန်ဆွေးနွေး မေးမြန်း ခဲ့ကြကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)