ရန်ကုန် သြဂုတ် ၁၆
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလများနှင့် ရုံးပိတ်ရက်ရှည်ကာလများအတွင်း ရန်ကုန် (ပန်းဆိုးတန်း) / ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ ကူးသန်းသွားလာမှုပေါ်မူတည်၍ ခရီးသည်များ အဆင်ပြေစေရေးအတွက် ရေယာဉ်ခရီးစဉ် အချိန်နှင့် အခေါက်ရေများကို ပြောင်းလဲပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
လက်ရှိအချိန်တွင် သင်္ဘောခရီးစဉ်ပြေးဆွဲမှုအနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၂၈ ခေါက်၊ အပြန် ၂၈ ခေါက်၊ ရုံးပိတ်ရက်များတွင် အသွား ၂၀ ခေါက်၊ အပြန် ၂၀ ခေါက် နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသည် လိုက်ပါမှု လျော့နည်းသွားခြင်းကြောင့် ရေယာဉ်ခရီးစဉ်များကို ခရီးသည်သွားလာမှု အခြေအနေပေါ်မူတည်၍ အချိန်ပြောင်းလဲ သတ်မှတ်၍ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ယနေ့ မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောဆိပ်ကမ်းသည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ခရီးသွားပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများစွာတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာလျက်ရှိသည့် လူသွားလာမှုများသော ဆိပ်ကမ်းတစ်ခုပင်ဖြစ်သည်။ မြစ်အတွင်း ခရီးသည်များ တင်ဆောင်၍ ချယ်ရီသင်္ဘော ၃ စီးဖြင့် အလှည့်ကျနေ့စဉ် ပြေးဆွဲပေးလျက်ရှိရာ ခရီးသည် စီးနင်းလိုက်ပါမှု နည်းပါးသွားခြင်းကြောင့် ရေယာဉ်ခရီးစဉ်များကို အချိန်ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
“ အစိုးရရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင် ပြေးဆွဲသည့် ရေယာဉ်ထွက်ချိန်အနေနဲ့က ရုံးဖွင့်ရက်တွေမှာ မိနစ် ၂၀ ခေါက်၊ မိနစ် ၃၀ ခေါက် နှုန်းနဲ့ ပြေးဆွဲပေးတယ်၊ ရုံးပိတ်ရက်တွေမှာတော့ ကျွန်တော်တို့ မနက်ပိုင်းဆို မိနစ် ၃၀ ခေါက်နှုန်းနဲ့ စထွက်တယ်၊ နေ့လည်ပိုင်း ၁၀ နာရီ နောက်ပိုင်းမှာ ခရီးသည်နည်းသွားတဲ့ အတွက်ကြောင့် ၁ နာရီ ခေါက်နှုန်းနဲ့ ခရီးသည် ပြေးဆွဲပေးတယ်၊ ညနေ ၄ နာရီနောက်ပိုင်းမှာ မိနစ် ၃၀ ခေါက်နှုန်းနဲ့ ရေယာဉ်အခေါက်ရေကို ဆက်လက်ပြေးဆွဲပြီးပို့ဆောင်ပေးခြင်းဖြစ်ပါတယ်” ဟု ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုအနေဖြင့် သြဂုတ်လ ၁ ရက်နေ့မှ ယမန်နေ့ အထိ စုစုပေါင်း ခရီးသည် ၂၉၀၁၀ ဦး ကူးသန်းသွားလာမှုရှိကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ခရီးသည် ၁၉၀၀ ဦး ကျော်သာ သွားလာမှုရှိကြောင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက နေ့စဉ် ခရီးသည် ၂၇၀၀၀ ကျော် ဒလဘက်ကမ်းမှ ရန်ကုန်ဘက်ကမ်းသို့ ကူးသန်းသွားလာလျက်ရှိသည့် သင်္ဘောဆိပ်ကမ်း တစ်ခုပင်ဖြစ်သည်။
နိုင်လင်းကျော်