ကျောက်ဆည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်မှုမရှိသည့် ဈေးတန်းရပ်ကွက်၌ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈နာရီခွဲက ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိ ရသည်။
ထိုသို့ရေနုတ်မြောင်းတူးဖော်ပေးရာ၌ ဈေးတန်းရပ်ကွက် မြို့မဈေးလမ်းတွင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၅၀)ဖြင့် အရှည်ပေ(၁၂၀)၊ အကျယ်(၁)ပေခွဲ၊ အမြင့်(၁)ပေခွဲ အုတ်ရေမြောင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ရေနုတ်မြောင်းတူးဖော်ရာမှာ ကျွန်တော်တို့ရပ်ကွက်က မြေအနိမ့်အမြင့် ညီညာမှုမရှိလို့ မိုးရွာတဲ့အခါ မိုးရေတွေက အိမ်ဝိုင်းတွေအတွင်ဝင်းရောက်ပြီး လမ်းပေါ်မှာလည်းရေတွေက ဦးတည်ရာမဲ့ စီးဆင်းနေတော့ လမ်းတွေလည်း ပျက်စီးမှုဖြစ်ပါတယ်၊ အခုနှစ်မှာတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်မှာ ရေနုတ်မြောင်းတူးဖော်ပေးတော့ အိမ်ဝိုင်းအတွင်း မိုးရေဝပ်တာတွေ ခြင်ပေါက်ဖွားမှုတွေ မဖြစ်ပွားနိုင်တော့ ကျန်းမာရေးအတွက်လည်း ပိုပြီးကောင်းမွန်လာကြမည်ကြောင်း ဈေးတန်းရပ်ကွက်မှ ဦးကျော်စိုးနိုင်ဌေးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)