ရမ်းဗြဲ ဩဂုတ် ၁၆
ဦးခင်ရီ
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင်
ဟုတ်ကဲ့၊ ကျွန်တော်နာမည် ဦးခင်ရီ လို့ခေါ်ပါတယ်၊ ရမ်းဗြဲမြို့နယ်၊ အရပ်ဖက်ပရဟိတအဖွဲ့၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။
ကျွန်တော်တို့ အရပ်ဖက်ပရဟိတအဖွဲ့ဟာ ရမ်းဗြဲမြို့နယ်အတွက် အောက်ဆီဂျင်စက်ရုံတစ်ရုံလိုအပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ စုပေါင်းပြီး ရမ်းဗြဲမြို့နယ်သူ မြို့နယ်သားအားလုံးနဲ့ အဝေးရောက် ရမ်းဗြဲသူ ရမ်းဗြဲသားများကို လှမ်းပြီးတော့ အလှူခံလိုက်တဲ့နေရာမှာ ယနေ့အထိ အလှူခံရရှိငွေကျပ်သိန်းပေါင်း (၁၄၀၀)ကျော် ရရှိပြီးဖြစ်ပါတယ်၊
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ငွေကျပ်သိန်း (၁၇၀)နှင့် စာချုပ် ချုပ်ထားပြီးဖြစ်ပါတယ်။ ခုလက်ရှိ တွေ့မြင်နေရတာကတော့ စက်ရုံရဲ့ Foundation အလျား ပေ ၃၀ ၊ အနံပေ ၂၀ ၊ အမြင့် ၁၂ - ပေနဲ့ တည်ဆောက်မှာဖြစ်ပါတယ်။ အောက်ဆီဂျင်စက်အတွက်ကတော့ အမေရိကန်ဒေါ်လာ (၄၇၀၀) နဲ့ ဝယ်ယူထားပြီးတော့ စက်တင်ဘာလ ပထမရက်သတ္တပါတ်မှာ အရောက်မှာထားပြီးဖြစ်ပါတယ် ခင်ဗျား။
အောက်ဆီဂျင်စက်ရုံအတွက် Transformer ရယ်၊ 11 KVA လိုင်း အကုန်လုံးကို ငွေကျပ်သိန်း(၂၅၄) သိန်းနဲ့မှာထားပြီးဖြစ်ပါတယ်။ စက်ရုံသို့ သွားရာ လမ်းကိုလည်း ကျွန်တော်တို့အဖွဲ့ကဦးဆောင်ပြီး ကမကထ ပြုလို့ လုပ်ထားပြီးဖြစ်ပါတယ်ခင်ဗျား။
အောက်ဆီဂျင်စက်ရုံ ပြီးလာရင် တစ်နာရီကို ၄၀ - လီတာအိုး၊ ၄ - လုံး ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်နေ့ကိုနာရီ ၂၀ လည်ပတ် နိုင်မှာဖြစ်တဲ့ အတွက် တစ်နေ့ကို ၄၀ - လီတာအိုး ၈၀ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်နေ့ကို ၄၀-လီတာ အိုး ၈၀ ထုတ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့မြို့နယ် အတိုင်းအတာနဲ့ လုံလောက်ယုံသာမက ပိုလျှံတဲ့အတွက် အခြားမြို့ရွာ များကိုလည်း လှူဒါန်းပေးနိုင်မှာဖြစ်ပါတယ်။
အနီးအနားရှိတဲ့ စနဲမြို့၊ မအီမြို့တို့က အောက်ဆီဂျင်လိုအပ်ရင်လည်း ကျွန်တော်တို့ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အရပ်ဖက်ပရဟိတအဖွဲ့အနေနဲ့ ဒီလိုအောက်ဆီဂျင်စက်ရုံတည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ “လူ့အသက်ကို ကယ်တင်ချင်တဲ့ စေတနာဇောနဲ့” ရမ်းဗြဲသူရမ်းဗြဲသား အားလုံးစုပေါင်းပြီးတော့ အောက်ဆီဂျင်စက်ရုံကြီး တည်ဆောက်ရခြင်းဖြစ်ပါတယ် ခင်ဗျား။
ရမ်းဗြဲမြို့နယ်အတွက် ရမ်းဗြဲမြို့နယ်ဇာတိဖွား ကိုးရီးယားရောက် ဆရာတော် ဘုရားကနေပြီးတော့ ၁၅ -လီတာ Cylinder အိုး ၉ လုံး၊ လှူဒါန်းထားပြီးဖြစ်ပါတယ်၊ နောက်ထပ် Cylinder အိုး ၄၀ - လီတာ အိုး ၂၀ ကိုတော့ ကျောက်ဖြူခရိုင်ဒေသခံ တိုင်းရင်းသားများ အသင်းကနေပြီးတော့ လှူဒါန်းပေးထားပါတယ်။
ကျွန်တော်တို့ အဖွဲ့က ဝယ်ထားတာကတော့ ၄၀ - လီတာ Cylinder အိုး ၂၅ လုံးဝယ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့လက်ထဲ မှာ အောက်ဆီဂျင်အိုး စုစုပေါင်း ၄၀ - လီတာအိုး ၄၅ လုံး၊ ၁၅ - လီတာအိုး ၉ လုံးရောက်ရှိနေပြီး ဖြစ်ပါတယ်။ အောက်ဆီဂျင်စက်နဲ့တစ်ပြိုင်နဲ့တည်း ၂၀ - လီတာအိုး ၅၀ လုံးမှာထားလို့ လည်းရှိပါတယ် ခင်ဗျား။
ခုလို အောက်ဆီဂျင်စက်ရုံပေါ်ပေါက်နိုင်အောင် ရပ်နီး ရပ်ဝေး၊ ပြည်နယ် ပြည်မ ၊ နိုင်ငံခြားရောက်နေတဲ့ ရမ်းဗြဲသူ ရမ်းဗြဲသားများ အားလုံးနှင့် ကိုယ့်ရမ်းဗြဲမြို့နယ်သူ မြို့နယ်သားအားလုံး ခုလို အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်အောင် လှူဒါန်းထားတဲ့အလှူရှင်များအားလုံးကို ကျွန်တော်တို့ပြည်သူများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ် ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ _ ဒေါ်အောင်တင်ကြည်