အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေး

မန္တလေး ဩဂုတ် ၁၆

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာ()နေရာ၌ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးရန် ဦးစားပေး အစီအစဉ်၌ ပါဝင်သော အသက်(၆၅)နှစ်အထက်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများ စုစုပေါင်း(၅၅၀)ဦးတို့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးကြသည်။

 

ကာကွယ်ဆေးထိုးရခြင်းနှင့် ပတ်သက်၍ မန္တလေးဆပ်ပြာစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သော ဒေါ်ခင်သန်းအေးက သူ၏ခံစားချက်ကိုပြောကြားရာ "ကိုဗစ်ကာကွယ်ဆေးကို ထိုးခြင်နေတာကြပါပြီ၊ စောင့်နေရတာ၊ ခုမှထိုးရလို့ဝမ်းသာပါတယ်၊ ကာကွယ်ဆေးထိုးရတော့ ကိုယ့်ကိုယ်ကိုယ်လုံခြုံပြီလို့ထင်တာပဲ၊ နာလည်းမနာဘူး၊ ဘာမှလည်းမဖြစ်ဘူး၊ စိုးရိမ်မှုလည်းမရှိပါဘူး၊ ဒီလိုဆေးထိုးပေးလို့ နိုင်ငံတော်ကိုလည်းကျေးဇူးတင်ပါတယ်၊ ပရဟိတအဖွဲ့တွေ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ပြည်သူအားလုံးကလည်း ဒီကိုဗစ်ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံကြပါလို့ ပြောခြင်ပါတယ်၊ ဒီ ကိုဗစ်ကာကွယ်ရေးအတွက် အပြင်မထွက်ကြဖို့၊ ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုရှိအောင်လည်းနေကြဖို့နဲ့ အပြင်ကပြန်လာတိုင်း လက်ဆေးကြဖို့ကိုလည်း ပြည်သူများကို ပြောခြင်ပါတယ်" ဟုပြောပြသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)