ကျောက်ဖြူ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စား၀တ်နေရေး အခက်အခဲများဖြစ်နေသည့် မြို့ပေါ်ရပ်ကွက်အချို့မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်အိမ်ထောင်စု ၂၀၀ စုတို့အတွက်အခြေခံစားသောက်ကုန် ၅ မျိုးနှင့် နှာခေါင်းစည်း (Mask) များကို ယနေ့ မွန်းလွဲပိုင်းက We Love Rakhine အဖွဲ့မှ ၎င်း တို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
"ကျွန်တော်တို့က ဒီကိုဗစ်-၁၉ရောဂါ Third Wave ကာလမှာ မြို့ပေါ်ရပ်ကွက်အချို့က အမှန် တကယ်ဆင်းရဲကြပ်တည်းတဲ့ မရှိဆင်းရဲသားတွေနဲ့ ပင်ပင်ပန်းပန်းရှာဖွေစားသောက်နေရသူတွေကို အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငါးနီတူခြောက်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာနဲ့ နှာခေါင်းစည်း (Mask)တွေကို သူတို့တွေရဲ့နေအိမ်တွေကို အရောက်သွားပြီးတော့ ထောက်ပံ့ပေးတာဖြစ်တယ်၊ ဒီလို ဘဲ ကိုဗစ် Second Wave ဖြစ်နေတုန်းကလည်း ကျွန်တော်တို့အဖွဲ့က အိမ်တစ်အိမ်ကို တစ်သောင်း နှုန်းနဲ့ အိမ်ခြေငါးရာကျော်ကို သွားရောက်ပြီးတော့ ထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်” ဟု We Love Rakhine အဖွဲ့မှ ကျောက်ဖြူမြို့နယ် EC ဖြစ်သူ ဒေါက်တာထွန်းမြင့်က ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့်အနေ ဖြင့် Stay at Home သတ်မှတ်ကာလအတွင်းတွင် ဆင်းရဲနွမ်းပါးသူများအား စားဝတ်နေရေးအခက်အခဲမရှိ စေရေးအတွက် စားနပ်ရိက္ခာများနှင့် ကာကွယ်ရေးသုံးပစ္စည်းများအား ကူညီထောက်ပံ့ပေးနေသည့် လူငယ်ပရဟိတအသင်းအဖွဲ့ ၄ ဖွဲ့ခန့်ရှိကြောင်းလည်း We Love Rakhine အဖွဲ့ထံမှ သိရသည်။
အလားတူ ဆားပြင်ကွင်းရပ်ကွက်မှ ဒေါ်ကြည်ကြည်ဝင်းကလည်း “အဒေါ်တို့အိမ်မှာ မိသားစုဝင် ၄ ဦးရှိပါတယ်၊ အိမ်ရှင်ကအငှါးဆိုင်ကယ်မောင်းတယ်၊ အခုကိုဗစ်ရောဂါတွေဖြစ်နေတာတွေကြောင့် မိသားစုစားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတယ်၊ အရင်တုန်းကလိုလုပ်ကိုင်စားရတာတွေက အဆင်မပြေတော့ဘူးလေ၊ ခုလိုလာရောက်လှူဒါန်းပေးတဲ့အတွက် အထူးပဲဝမ်းသာရပါတယ်၊ ကျေးဇူး လည်းတင်ပါတယ်၊ နောင်လည်းဒီထက်မကလှူနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ We Love Rakhine အဖွဲ့သည် ကိုဗစ် Third Wave ကာလတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေသော ဆားပြင်ကွင်းရပ်ကွက်မှ အိမ်ထောင်စု ၂၀၀ စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၂၀၀၀ ကျော်နှင့်ညီမျှသော ဆန်တစ်တောင်း၊ ဆီတစ်ပုလင်း၊ ငါးနီတူခြောက်ငါးဆယ်သား၊ ခေါက်ဆွဲ ခြောက်ထုတ်ဆယ်ထုတ်၊ ဆပ်ပြာနှစ်တောင့်နှင့် နှာခေါင်းစည်း(Mask)တို့ကို အိမ်တိုင်ရာ ရောက်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြသည်။ We Love Rakhine အဖွဲ့အနေဖြင့် အလှူငွေရရှိမှု အပေါ်မူတည်၍ အခက်အခဲဖြစ်နေသူများကို ထပ်မံ၍ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး အလှူရှင်များ အနေဖြင့်လည်း မိမိတို့အသင်း(ph- 09421729800)ထံသို့ အလှူငွေများတတ်နိုင်သလောက်ထည့် ဝင်လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး-ဖြိုးဝေလင်း