ဗန်းမော် ဩဂုတ် ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက်ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ မြို့မရပ်ကွက် ကမ်းနားဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့ကြသည်။
ထို့နောက် အမှတ် (၉၃၃) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအတွင်း ခရိုင်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များအတွက် ကြက်၊ ဝက်၊ ဘဲမွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှု စစ်ဆေ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က၊ မွေးမြူရေး အကောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ထိုမှတစ်ဆင့် (၃) မိုင်ကျေးရွာရှိ ပုဂ္ဂလိကပိုင် သိန်းဒေသကြက်မွေးမြူခြံသို့ သွားရောက်ကာ မွေးမြူရေး အထောက်အကူပြု ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဗန်းမော်မြို့မြို့တော်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေး အပ်သည်။
ထိုမှတစ်ဆင့် မံစီမြို့သို့ သွားရောက်ခဲ့ကြပြီး မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် ဆန်အိတ် ၇၆ အိတ်၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် နှာခေါင်းစည်း အခု ၁၆၅၀၀၊ PPE ဝတ်စုံ ၃၀၀၊ လက်အိတ် ၄၀၀၊ ပိုးသတ်ဆေးပုံး ငါးပုံ၊ လက်ဆေးရည်ဘူး ၁၀၀၊ ဆပ်ပြာခဲ ၇၀၀ တို့နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက်ထောက်ပံ့ငွေကျပ် ငါးသိန်း၊ လူမှုရေးအသင်းအဖွဲ့ ငါးဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နှစ်ဖွဲ့အတွက်ထောက်ပံ့ ငွေကျပ်လေးသိန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၂ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)