မူဆယ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့ များအား တွေ့ဆုံမေးမြန်းခြင်း

မူဆယ် ဩဂုတ် ၁၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်၊ မိုင်းယုကျေးရွာမှ ပါရမီလူမှုကူညီ ရေးအသင်းဥက္ကဋ္ဌ ဦးကျော်သန်းအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပါရမီလူမှုကူညီရေးအသင်းမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက် ယနေ့နေ့လယ်(၁၁)နာရီအချိန်တွင်သွားရောက်တွေ့ဆုံ မေးမြန်းမှုကို ရေးသားလိုက်ပါသည်- မေး။ မင်္ဂလာပါရှင်။ ဆရာအမည်နှင့်အသင်း၏ တာဝန်ယူထားရတဲ့အပိုင်းလေးကို ပြောကြားပေးပါရှင်။ ဖြေ။ မင်္ဂလာပါခင်ဗျား၊ ကျွန်တော့်အမည်ကတော့ ဦးကျော်သန်းဖြစ်ပါတယ်။ ပါရမီလူမှုကူညီရေးအသင်းမှာ အသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် နေပါတယ်ခင်ဗျား။ မေး။ ယခုလိုအသင်းအမည်နဲ့ လူမှုကူညီရေးအသင်းကို ထူထောင်ဖြစ်တဲ့ ရည်ရွယ်ချက်လေးသိ ပါရစေရှင်။ ဖြေ။ ပါရမီလူမှုကူညီရေးအသင်းကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဉပေက္ခာ ဆိုတဲ့ဗြဟ္မာဆို တရားကို လက်ကိုင်ထားပြီးတော့ စေတနာ၊ ဝါတနာ၊ အနစ်နာ ဆိုတဲ့နာသုံးနာနဲ့ အကူအညီတောင်းခံလာတဲ့ နာရေးကို လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကူညီသင်္ဂြိုလ်ပေးရန်၊ အရေးပေါ်လူနာများကို ဆေးရုံ၊ ဆေးခန်းများသို့ အရေးပေါ်ကူညီပို့ ဆောင်ပေးရန်၊ သွေးလိုအပ်သော လူနာများကိုဇီဝိတသွေး လှူဒါန်းပေးရန်ဖြစ်ပါတယ်။ မေး။ ဆရာတို့ရဲ့အသင်းကို စတင်တည်ထောင်ခဲ့တဲ့ခုနှစ်၊ ဦးဆောင် ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင်အရေအတွက်ကိုသိချင်ပါတယ်။ ဖြေ။ ပါရမီလူမှုကူညီရေးအသင်းကို(၂၅-၆-၂၀၀၈)ခုနှစ်မှစတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ အသင်းသားအသင်းဝင်ကတော့ (၇၀၀)ခန့်ရှိပြီး မြေပြင်မှာလက်တွေ့ ဆောင်ရွက်ပေးဆပ်နေတာကတော့ (၄၀)ဦးခန့်ရှိပါတယ်။ မေး။ ယခုလို ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်းမှာ အသင်းကကူညီ ဆောင်ရွက်ပေးနေမှုများနဲ့ ဆောင်ရွက်ချက်များကိုလည်း ပြောပြပေးပါအုံးဆရာ။ ဖြေ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉နဲ့ပါတ်သက်ပြီးမြန်မာ-တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလလောက် ကနေစပြီး မြန်မာ-တရုတ် နှစ်နိုင်ငံတရားဝင် ဝင်ပေါက်/ထွက်ပေါက်များဖြစ်တဲ့နန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်းဂိတ်ပေါက်များတွင်သော်လည်းကောင်း၊မူဆယ်မြို့ အဝင်မုဒ်ဦး အနီးမှာရှိ တဲ့ စစ်ဆေးရေးဂိတ်တွင်သော်လည်းကောင်း၊ ခရိုင်/မြို့နယ်မှ တာဝန် ရှိသူများရဲ့ လမ်းညွှန်ချက်များနဲ့အညီကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနဲ့အတူ ပူးပေါင်းပြီးကျန်းမာရေး စစ်ဆေးမှုများကို ပရဟိတအသင်း အဖွဲ့တွေကအလှည့်ကျ ဆောင်ရွက်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းယခု တတိယလှိုင်းတွေမှာ ပါရမီလူမှုကူညီရေးအသင်းအနေနဲ့လူသွားလူလာများတဲ့ နေရာတွေ၊ လမ်းတွေ၊ ဈေးတွေမှာ MaskCompaing များကိုဆောင်ရွက်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကအခါအား လျှော်စွာ ထုတ်ပြန်တဲ့ ရှောင်ရန်၊ ဆောင်ရန်စည်းကမ်းချက်များကို ကျန်းမာရေး အသိပညာပေးနှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ အချို့လိုအပ်တဲ့နေရာတွေမှာ ပိုးသတ်ဆေးကို ဖြန်းပေးခဲ့ပါတယ်။ အသင်းအနေနဲ့ကိုဗစ်-၁၉ သံသယလူနာများကို ဆေးစစ်ရန်အတွက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ပိုးတွေ့လူနာများကို ခရိုင်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ၁၀၅မိုင် Quarantine Centre မှပိုးတွေ့လူနာများနှင့် အရေးပေါ် လူနာများကို မူဆယ်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ မူဆယ်၊ ပန်ဆိုင်း(ကြူကုတ်)နှင့် မုံးကိုးမြို့များရှိ အရေးပေါ် လူနာနှင့်ပိုးတွေ့လူနာများကို ကွတ်ခိုင်၊လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့များအထိပို့ဆောင် ပေးခဲ့ပါတယ်။ ပိုးတွေ့လို့ သေဆုံးခဲ့သော လူနာများကိုလည်းသင်္ဂြိုလ်ပေးခဲ့သလို၊ ပိုးတွေ့ လူနာရဲ့အိမ်၊ ဌာနနှင့် လမ်းများကိုလည်း အချိန်မီပိုးသတ်ဆေးများ ပက်ဖြန်း ပေးခဲ့ပါတယ်။ဒါ့ပြင် အရေးပေါ်ထိခိုက်လူနာများ၊ မွေးလူနာများနှင့် ကျန်းမာရေးအရ ဆေးရုံ တက်ရောက်ရန် လိုအပ်သည့် လူနာများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံ၊ နယ်လှည့်ဆေးကုသရေးဌာန၊ နမ့်ခမ်းမြို့၊ ကွတ်ခိုင်မြို့၊ လားရှိုးမြို့များရှိ စစ်ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများသို့ပို့ဆောင် ကူညီပေးခဲ့ပါတယ်။ နောက်တစ်ခုကတော့ သွေးလိုအပ်လျက်ရှိသော လူနာများအတွက် အသင်းမှအရေးပေါ် သွေးလှူ ပေးခြင်းကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ယခင်ကတည်းကအောက်စီဂျင် လိုအပ်နေသူများကိုလည်း ကူညီ ဆောင်ရွက် ပေးခဲ့သလိုနာရေးနဲ့ ပါတ်သက်ပြီး ပိုင်ရှင်ရှိသည် ဖြစ်စေ၊ပိုင်ရှင်မဲ့သည် ဖြစ်စေကျွန်တော်တို့ပါရမီအသင်းကနေ့ ပို့ဆောင်ပေးပြီး မီးသင်္ဂြိုလ်တဲ့အထိ ကူညီဆောင်ရွက်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်လို့ ဒုက္ခရောက်နေ့တဲ့ ဒေသရှိ ပြည်သူများအား အသင်းမှသွားရောက်၍ ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မေး။ ကိုဗစ်-၁၉လူနာများအတွက် အောက်စီဂျင်နဲ့ပါတ်သက်ပြီးဆောင်ရွက်ပေး မှုနဲ့ အခက်အခဲ တွေရှိပါသလားဆရာ။ ဖြေ။ ကိုဗစ်-၁၉လူနာများအတွက် အောက်စီဂျင်အိုးလုံလောက်မှုမရှိပါဘူး။ ကုန်သွားတဲ့ အောက်စီဂျင်အိုးများကို ပြန်လည်ဖြည့်တင်းဖို့ရက်ရှည်ကြာစောင့်ဆိုင်းရပါတယ်။ အခုဆိုရင်စယ်လန့်ကအောက်စီဂျင်စက်ရုံမှာသွားရောက် ဖြည့်တင်းနေတာ၅ရက် လောက်စောင့်ဆိုင်းနေရပါတယ်။ အောက်စီဂျင်အခက်အခဲရှိပါတယ်။အကယ်၍များ မူဆယ်မြို့ပေါ်မှာ နောက်ထပ် အောက်စီဂျင်စက်ရုံတစ်ခုထပ်မံတည်ဆောက်နိုင်မယ်ဆိုရင်တော့ယခုအခက်အခဲတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အောက်စီဂျင်စက်ရုံတည်ဆောက်စေချင်ပါတယ်။ တောင်းဆိုပါတယ်။ စက်ရုံ တည်ထောင်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အသင်းအနေနဲ့40လီတာအိုး(၁၈)လုံး၊ 34လီတာ (၅)လုံး၊ 10,15 လီတာအိုး (၁၀)လုံးနဲ့အောက်စီဂျင် လိုအပ်နေသော လူနာများကို ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။ မေး။ ပရဟိတစိတ်ထားနဲ့ဆောင်ရွက်ခဲ့တဲ့အတွက် လူကြီးမင်းရဲ့ ပီတိစကားကိုလည်းကြားချငမိပါတယ်ရှင်။ ဖြေ။ ကျွန်တော်တို့ ပရဟိတသမားတွေကကူညီလိုက်တဲ့ လူနာတစ်ယောက် ရောဂါသက်သာ ပျောက်ကင်းပြီး ကျန်းမာသွားတယ်ဆိုရင် မိသားစုဝင်များနဲ့ထပ်တူဝမ်းသာပီတိဖြစ်ရပတယ်။ကျွန်တော်တို့ ပရဟိတသမားတွေက ကုသိုလ်ကလွဲလို့အခြားခံစားခွင့်မရှိပါ။ ပီတိကိုစာအားရှိဆိုတဲ့စကားက ပရဟိတသမားတွေအတွက်ဆိုရင် မမှားပါဘူး။ မေး။ အသင်းအဖွဲ့ကိုယ်စား ဖြည့်စွက်ပြောကြားချင်တာများရှိရင်ပြောကြားပေးစေချင်ပါတယ်ရှင်။ ဖြေ။ တစ်ကယ်တော့ ပရဟိတဆိုတာ အပြောလွယ်သလောက်လက်တွေ့မှာခက်ခဲလှပါတယ်။ အများကြီးပေးဆပ်ရပါတယ်။ လူတိုင်းလည်း မလုပ် နိုင်ကြပါဘူး။အသင်းအဖွဲ့တွေမှာ ပရဟိတလုပ်နေသူများဟာ အချိန်တွေအများကြီးပေး ဆပ်ရပါတယ်။(၂၄)နာရီမှာဘယ်အချိန် အကူအညီတောင်းလားလဲဆိုတာ မသိတဲ့အတွက် ပရဟိတသမားများဟာ (၂၄)နာရီအချိန်တွင်းမှာ တယ်လီဖုန်းဝင်လာတာနဲ့သွားရောက် ကူညီဆောင်ရွက်ပေးရပါတယ်။ မိမိတို့ရဲ့အလုပ်တွေအများကြီးပျက်ကွက်ပါတယ်။ မရွံ့မရှာ၊ မကြောက်မရွံ့ကိုင်တွယ်ပြီး လုပ်ကိုင်ပေး ရပါတယ်။ ကူညီပေးရပါတယ်။အပြောအဆိုခံရတာမျိုး၊ တစ်ခါတစ်ရံမှာ မိသားစုရဲ့ အညိုအငြင်ခံရတာမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် ပရဟိတစိတ်အပြည့်အဝနဲ့ ကူညီပေးဆပ်နေသူလုပ်ဖော် ကိုင်ဖက် အားလုံးကို လေးစားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ပါတ်သက်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လူတိုင်း၊ အိမ်တိုင်းမှာတာဝန်ရှိပါတယ်လို့ပြောချင်ပါတယ်။ ကျန်းမာရေးဦးစီးဌာနက အခါအားလျှော်စွာထုတ်ပြန်တဲ့ ဆောင်ရန် ရှောင်ရန်များ၊ စည်းကမ်းချက်များကို တစ်ဦးချင်းစီမှစပြီးကျန်းမာရေးအသိဖြင့် စနစ်တကျ တိတိကျကျလိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။ မလိုက်နာကြဘူးဆိုရင်ဖြင့် စတုတ္ထလှိုင်းမှာကူးစက်မှုနှုန်း ပိုမိုလာနိုင်ပြီး ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားမှာ စိုးရိမ် ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအသိနဲ့ လူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေချင်ပါတယ်။တိုက်တွန်း ပါတယ်။ ဆင်ခြေမများကြပါနဲ့။ ပေါ့ပေါ့ဆဆမနေကြဖို့သတိပေးစကား ပြောကြားချင်ပါတယ်။ အခုလက်ရှိ ဖြစ်နေတဲ့ ကိုဗစ်-၁၉ကပ်ရောဂါကိုအမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ပါစေ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာကတော့ ယခုလိုကာလမှာကူညီဆောင်ရွက်နိုင်ရန် အလှူငွေနဲ့ ကာကွယ်ရေးပစ္စည်းများကိုလှူဒါန်းပေးပါသော အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ခုနှစ်ရက်သားသမီးများအားလုံးကပ်ရောဂါဘေးအပေါင်းမှ ကင်းရှင်း ကြပါစေ။ စိတ္တသုခ၊ ကာယသုခ ပြည့်စုံပြီး အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။ စန္ဒာဝင်း ၊အယ်လ်စိုး(မူဆယ်)