နမ္မတူ ဩဂုတ်-၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာ ၂၀၀ဦးအထိရှိလာပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အဆိုပါ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာနှစ်ဦးမှာ ဘော်တွင်းကျေးရွာမှ အမျိုးသား တစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် နေမကောင်းသဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံရှိ (Isolation ward)နှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်းရှိ (Facility Quarantine Centre)တို့တွင် ကုသဆောင်ရွက်ပေးလျက်ရှိပြီး ထိတွေ့ဆက်စပ်သူ လေးဦးအား အသွားအလာကန့်သတ် ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများဖြင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးဆော်ဩခြင်း၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ရောဂါစစ်ဆေးရေးဌာနများ၊ ဆေးကုသဆောင်များ၊စောင့်ကြည့်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဈေးရောင်းချသူများနှင့် ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ပြည်သူများ စုစုပေါင်း ၁၂၁၆ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးရောက်ရှိလာပါက ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
နမ္မတူမြို့နယ်တွင် ယမန်ရက်နေ့ ညနေ့(၅)နာရီအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ အမျိုးသား ၁၀၂ဦး၊ အမျိုးသမီး ၁၀၈ဦး၊ စုစုပေါင်းပိုးတွေ့လူနာ ၂၀၀ဦးရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသား ၇၆ဦး၊ အမျိုးသမီး ၆၇ဦး၊ စုစုပေါင်း ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၃ဦး ရှိလာပြီးဖြစ်ကာ သေဆုံးသူ အမျိုးသား ၃ဦး၊ အမျိုးသမီး ၄ဦး၊ စုစုပေါင်းသေဆုံးသူ ၇ဦးရှိပြီဖြစ်ပြီး ဆေးကုသဆဲလူနာ အမျိုးသား ၂၃ဦး အမျိုးသမီး ၂၇ဦး၊ စုစုပေါင်း ဆေးကုသဆဲလူနာ ၅၀ဦးသာ ကျန်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
လူမော်