သီပေါ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး နိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်း ချက်များချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းနေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြားပါ/မပါစစ်ဆေးခြင်း နှင့်ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက် တို့တွင် ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစစ်ဆေး ဆောင်ရွက်သည့် မြို့ပေါ်ရပ်ကွက်သတ်မှတ် နေရာများတွင် တာဝန်ကျအဖွဲ့များမှ စစ်ဆေး ဆောင်ရွက်ခြင်းများရှိ/မရှိကို ထပ်ဆင့်လိုက်လံ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းနေထိုင်သောပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စများအတွက် ပြင်ပထွက်ခွာပါက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးမှ သွားလာခွင့်ကတ်ကိုထုတ်ပေးထားပြီး ပြင်ပသွားလာခွင့်ကတ်ပါမှသာ သွားလာရန်စည်းကမ်းချက်များ သတ်မှတ်ကြေညာပြီး ဖြစ်ပါသောကြောင့် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများလိုက်နာစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ ရပ်ကွက်၊ကျေးရွာ အဝင်/ အထွက် နေရာများနှင့် လမ်းဆုံများတွင် ပြင်ပသွားလာသူများအား ပြင်ပသွားလာခွင့်ကတ်ပြားပါ/မပါ နှင့် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းများရှိ/မရှိကို စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် နေ့စဉ်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိရသဖြင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရန်အတွက် ရည်ရွယ်၍ ပြင်ပသွားလာခွင့်ကတ်ပြားနှင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင် သွားလာခြင်းများရှိ/မရှိကို စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများအသီးသီးတွင် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ဆောင်ရွက်ခြင်းဖြစ်ရာ နေ့စဉ် စစ်ဆေးဆောင်ရွက်ခြင်းရှိ/မရှိအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့မှထပ်ဆင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်တီမှသိရသည်။
ခင်လေး(ပြန်/ဆက်)