သီပေါ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေး မပြည့်မီသောစံမညီဆေးဝါးများ ရောင်းချခြင်းများရှိ/မရှိကို မြို့နယ်ဆေးဝါးနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊ မြို့နယ်အတွင်း ဈေးကွက်တွင် ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်း မှန်ကန်စေရေး ၊ ပြည်သူများလိုအပ်သည့် ဆေးဝါးများအလွယ်တကူ ဝယ်ယူရရှိစေရန် ဆေးဆိုင်များနေ့စဉ် ဖွင့်လှစ် ရောင်းချပေးရေး၊ ရောင်းချရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် (Social Distancing) နှင့်အညီ ဖွင့်လှစ်ရောင်းချရေး စသည့်သတ်မှတ်စည်းကမ်းများအတိုင်း လိုက်ဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်းဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့တို့မှ မြို့နယ် အတွင်းဆေးဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)