တာချီလိတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ် တပ်ရင်းရုံးဝန်ထမ်း အိမ်ယာတွင်နန့်ယွန်းချောင်းရေလျှံမှု ကြောင့် မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဆောက်လုပ်ရေး ပစ္စည်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နန့်ယွန်းချောင်းကမ်းပေါ်ရှိ အရန်မီးသတ် တပ်ရင်းရုံးဝန်ထမ်းအိမ်ယာသည် ဩဂုတ်လ ၁၂ ရက်နေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရုံးဝန်ထမ်းအိမ်ယာ အဆောက်အဦ အတွက် တည်ဆောက်ထားသည့် မြေထိန်းနံရံများပြိုကျပျက်စီးပြီး ရုံးဝန်ထမ်း အိမ်ယာရေတိုက်စား ပျက်စီးခြင်း၊ ရေတိုက်စားမှု ကြောင့် အဆောက်အဦ အောက်ခြေတွင် ၇ ပေခန့်လှိုဏ်ခေါင်းများဖြစ်ပေါ်စေခဲ့ပြီး အဆောက်အဦ ပြိုကျမည့်အန္တရာယ်များကြောင့် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ပြန်လည် တည်ဆောက်ရေး အတွက် လာရောက်ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့ရှိ အရန်မီးသတ်တပ်ရင်းရုံးဝန်ထမ်း အိမ်ယာ မြေထိန်းနံရံအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဘိလပ်မြေ ၁၅၀ အိတ်၊သဲ ၂ စီး၊ ကျောက်ကားကြီး ၁ စီး၊ကျောက်ကြီး ၅ စီး၊အုတ် ၁၅၀၀ ၊စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၅ သောင်းခန့် ရှိဆောက်လုပ်ရေးပစ္စည်းများကို မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ထောက် ပံ့ပေးအပ်ခဲ့ပြီး နယ်မြေခံတပ်မတော်သားများက သယ်ယူပို့ဆောင်ပေးကာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက လက်ခံ ခဲ့ကြောင်းသိရှိရသည်။
ယာဆေး (ပြန်/ဆက်)