စဉ့်ကိုင် သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာများ သောက်သုံးရေ လိုအပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးစီးဌာန အနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပင်းချား ကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအား ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ကျေးလက် နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ပင်းချားကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း ၊ ရေစင်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်(၁၅.၄)သန်းဖြင့် တင်ဒါ အောင်မြင်သည့် ( Mega Glory)ကုမ္ပဏီမှ ဆောင်ရွက်လျှက်ရှိသော ၄လက်မဒိုင်ရာမီတာ ၊ အနက် ၄၀၀ပေရှိ စက်ရေတွင်းနှင့် ဂါလံ၂၄၀၀ ဆံ့ ရေစင်ရုံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းများအဆင့်မြင့်တင်ခြင်း ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်း ၊ ကျေးလက်ရေရှိရေး ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးခြင်း စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)