ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

 ဆီဆိုင် ဩဂုတ်  ၁၅    

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်၍ ပြည်သူများလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီခွဲခန့်က ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ဆီဆိုင်မြို့မဈေးသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

          ထိုသို့နှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊  Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါစပ်း၊ နှာခေါင်းစည်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေခြင်း မပြုလုပ်ကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့်၊ သက်ကြီးရွယ်အို များနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့်လှည့်လည်နှိုးဆော်အသိပညာပေးခဲ့ပြီး နှာခေါင်းစည်းများ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။