နောင်ချို ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီ အချိန် မှစတင်၍နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ် လိုင်းကြီးကြပ်မှုကော်မတီ တို့ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက် များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန်၊ အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှနေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ၊ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ ရောဂါဆိုးကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း တိုက်ထုတ်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် အသိပေးနိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩ ဆောင်ရွက်ခြင်းကို ရက်သတ္တတစ်ပတ်လျှင် သုံးကြိမ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)